CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅

မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍသည် အခြား အိမ်နီးချင်းနိုင်ငံများကဲ့သို့ အဆင့်မီစေရန် စက်ပစ္စည်း၊ နည်းပညာ သာမက မူဝါဒပိုင်း အပါအဝင် ကုန်ချောထုတ်လုပ်နိုင်မှုနှင့် ဝယ်ယူသူရှိမှု စသည့် ဘက်ပေါင်းစုံအား ပြုပြင်ပြောင်း လဲရန် လိုအပ်ကြောင်း စိုက်ပျိုးရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးတွင် လိုအပ်သည့် မြေ၊ ရေ၊ မျိုးစေ့များ ရှိသော်လည်း အိမ်နီးချင်း နိုင်ငံများကဲ့သို့ စိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်ဖွံ့ဖြိုးမှု မရှိကြောင်း‌ စိုက်ပျိုးရေးပညာရှင်များက ထောက်ပြကြသည်။ 

တောင်သူများ စိုက်ပျိုးရေးလုပ်ရာတွင် ဝယ်သူရှိရန် အဓိကလိုအပ်ပြီး ဝယ်သူမရှိပါက ၎င်းတို့စိုက်ပျိုး ကုန်ကျ စရိတ်များကြောင့် အကြွေးတင်ရသည့် ပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေး အကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလက်ရှိ ကံကောင်းနေတာ တစ်ခုကို ပြောရမယ်ဆိုရင် မြန်မာက အစေ့လွတ်ပြောင်းကို ထိုင်းကနေ ဝယ်နေတယ်၊ လက်ရှိမှာ ဝယ်ပေးနေတယ်ပေါ့နော်။ ထိုင်းက သူ့နိုင်ငံရဲ့ လိုအပ်ချက်အရ ဒီဘက်ကနေ ဝယ်နေ တယ်။ မှောင်ခိုလည်း ရှိတယ်။ တရားဝင် ဝယ်တာလည်းရှိတယ်။ အဲဒီလို အနေအထားမှာ ကံကောင်းပြီးတော့ အခုဆိုရင် ဧကတွေတိုးပြီး စိုက်ကြတယ်။ ဒါပေမယ့် ဟိုဘက်က ဘာမှ အာမခံချက် မရှိထားတဲ့ အတွက်ကြောင့်မို့ လို့ ရုတ်တရက်သာ အဝယ်ရပ်လိုက်လို့ရှိရင် ဒီမှာ အကုန်လုံး ပြဿနာတက်မှာပေါ့။ အဲဒီဟာတွေ ဘယ်ကိုပို့မှာလဲ ဆိုတဲ့ဟာပေါ့။ အဓိကခုနကပြောသလို market ပေါ့။ market ပြီးသွားရင် နည်းပညာ။ အဲဒီလောက်ဆိုရင်တောင် production က သိသိသာသာ တက်လာမယ်၊ ဈေးကွက်တစ်ခုက ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုရင် ထုတ်ရတာက မခက်ဘူး။ တောင်သူကလည်း စိုက်ရတာပျော်တယ်၊ အဓိကက ဈေးကွက်၊ နံပါတ်နှစ်က နည်းပညာ” ဟု ပြော သည်။

ကြက်သွန်နီများကို တွေ့ရစဉ်

အခြားအိမ်နီးချင်းနိုင်ငံများတွင် စိုက်ပျိုးရေး၌ စက်ပစ္စည်း နည်းပညာများကို အသုံးပြုနေကြပြီဖြစ်သော်လည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲထားသည့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင်မူ စက် ပစ္စည်း နည်းပညာအား တောင်သူများအကြား တွင်ကျယ်စွာ အသုံးမပြုနိုင်ကြသေးသည်ကို တွေ့ရသည်။

ထို့ကြောင့် နည်းပညာပိုင်းအား ယခုထက်ပိုမို ပံ့ပိုးပေးရန်လိုအပ်ပြီး တောင်သူများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းကာ ရင်းနှီးမြှုပ်နှံမှုပိုင်းနှင့် ပတ်သက်၍ အတိုးနှုန်း သက်သာစွာဖြင့် နှစ်ရှည်ချေးငွေပုံစံကဲ့သို့ ပံ့ပိုး ကူညီ ပေးမည်ဆိုပါက ၃ နှစ်မှ ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာ အနေအထားတစ်ခုသို့ ပြောင်းလဲသွား နိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြုသည်။

ထို့ကြောင့် တောင်သူများအတွက် အနိမ့်ဆုံး ဈေးကွက်အာမခံချက်မျိုး ထားပေးသင့်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တောင်သူတွေမှာက ဈေးအာမခံချက် ကိုယ်ထုတ်လုပ်မယ့်ပစ္စည်းဟာ အနည်းဆုံးဈေး ဘယ်လောက် ရမယ်ဆိုတဲ့ အာမခံချက်မရှိဘူး။ နောက် ပြီးခဲ့တဲ့ နှစ်တွေမှာ အခြေခံကြမ်းခင်းဈေးဆိုပြီး ရည်ညွှန်းဈေးပေါ့ အဲဒီလို ဆိုပြီးတော့ သူတို့အော်ပေမယ့်လည်း တကယ့်တကယ်ကြတော့ ဝယ်လက်ရှိမှာ ဟိုဒင်းဖြစ်တယ်။ စပါးပေါ်ချိန် ဆိုရင် ဈေးနှိမ်ခံရတယ်။ နောက်တစ်ခါ တောင်သူတွေလက်ထဲမှာ စပါးမရှိတော့မှ အခုလိုပေါ့။ တောင်သူတွေ လက်ထဲမှာက ရှင်းရှင်းပြောရရင် မေလထဲက ကုန်တာပဲလေ။ မေလ ပြီးတာနဲ့ ဇွန်လ၊ ဇူလိုင်၊ စက်တင်ဘာ၊ အောက်တိုဘာ အဲဒီကြမှ ဈေးကတက်တယ်။ အဲဒီကြစပါးတွေက ဘယ်မှာရှိလဲဆိုတော့ ဆန်ကုန်သည်နဲ့ ဆန် စက် လှောင်ထားတဲ့ သူတွေဆီမှာပဲ ရှိတဲ့အခါကြတော့ အဲဒီဈေးကို တောင်သူတွေ မရဘူး” ဟုပြောသည်။

မြန်မာတောင်သူများ လယ်ထွန်ယက်နေစဉ်

ထို့အပြင် ပို့ကုန်ရငွေ ပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် မူဝါဒများ အစရှိသည်တို့သည် ကဏ္ဍတစ်ခု ဖွံ့ဖြိုးရေးတွင် အဟန့်အတားများ ဖြစ်စေသော ကြောင့် ပြုပြင်သင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်များအား အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းသည် ကုန်ကြမ်း သာ ဝယ်ယူပြီး ၎င်းတို့နိုင်ငံတွင် ပြန်လည်သန့်စင်ကာ ကုန်ချောထုတ်လုပ်၍ အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချ ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း အိမ်နီးချင်း နိုင်ငံများကဲ့သို့ မိမိတို့၏ ကုန်ကြမ်းများကို ကုန်ချော ထုတ်လုပ်နိုင်မည်ဆိုလျှင် ပို၍ တိုးတက်ကောင်းမွန်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်ကြမ်းအနေနဲ့ သွားတဲ့အတွက်ကြောင့်မို့လို့ ကုန်ချောလောက်ဈေးမရဘူး။ မြန်မာပြည်မှာ သီးနှံအကုန် လုံး နီးပါးက ကုန်ကြမ်းအနေနဲ့ပဲ သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ဈေးကွက် အာမခံချက်လည်း မရှိဘူး။ ထိုက် သင့်တဲ့ဈေးလည်း မရဘူးပေါ့။ ဒါကြောင့်မို့လို့ တောင်သူတွေရဲ့ဘဝက ဘာမှထူးပြီး ပြောင်းလဲ မလာဘဲနဲ့ ဒီတိုင်း ဒုံရင်းနဲ့ တစ်ပတ်ချာလည်နေတယ်။ အဲဒီတော့ ကုန်ချောထုတ်မယ်ပေါ့။ ဥပမာ ရော်ဘာဆိုကြပါစို့ ရော်ဘာဆို ဒီမှာ ထုတ်တာ RSS 1 ဆိုတဲ့ ဆိုဒ်ပေါ့နော်။ အဲဒါအထိပဲ အမြင့်ဆုံး ထုတ်ကြတယ်။ တကယ်တမ်း အဲဒါက ကုန်ချော မဖြစ်သေးဘူး။ ကုန်ကြမ်းပဲရှိသေးတာပေါ့ အဲဒီထက်များ တစ်ဆင့်မြှင့်နိုင်မယ်ဆိုရင် တိုက်ရိုက် တင်ပို့နိုင်တယ်။ ထိုင်းက လာဝယ်တာကို စောင့်နေတာမျိုး မဟုတ်ဘဲနဲ့ တကယ်လိုအပ်တဲ့ နိုင်ငံကို တခါတည်း ပို့နိုင်မှာပေါ့။ အဲဒီ တော့ နည်းပညာလိုမယ်။ infrastructure တွေလိုမယ်၊ capital investment တွေလိုမယ်ပေါ့။ foreign income လည်း တိုးလာမယ်” ဟု ပြောသည်။
သို့သော် လက်ရှိနိုင်ငံရေး အခြေအနေမှာ မတည်ငြိမ်သေးသည့်အတွက် စိုက်ပျိုးရေးကဏ္ဍအား ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲရန်မှာ မလွယ်ကူလှသေးသည့်အတွက် ပြောင်းလဲ၍ရသည့် မူဝါဒပိုင်းဆိုင်ရာများအား ဦးစွာ ဆောင်ရွက်သင့်ကြောင်းလည်း စိုက်ပျိုးရေးပညာရှင်များက သုံးသပ်သည်။