CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄

စပါးဈေးနှုန်းကို အခြေခံရည်ညွှန်းဈေး ၁၃ သိန်းမှ ၁၅ သိန်းကြား ဈေးနှုန်းပေးဝယ်ရန် သတ်မှတ်ထားသော်လည်း ကုန်သည်များနှင့် ဆန်စက်များက ဈေးနှိမ်ဝယ်ယူမှုများ ရှိနေခြင်းကြောင့် တောင်သူများအနေဖြင့် အခြေခံ ရည်ညွှန်းဈေးနှုန်းအောက်သာ ရရှိနေသည်ဟု သိရသည်။

ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဧည့်မထ စပါးအမျိုးအစား တင်း ၁၀၀ လျှင် ၁၃ သိန်းမှ ၁၅ သိန်းကြား ပေးဝယ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားသော်လည်း ကုန်သည်များနှင့် ဆန်စက်များက သယ်ယူစရိတ် အကြောင်းပြချက်ဖြင့် ရည်ညွှန်းဈေးနှုန်းအောက်သာ ပေးဝယ်နေခြင်းဖြစ်ကြောင်း၊ ရည်ညွှန်းဈေးနှုန်းသည် တောင်သူများက စပါးများကို ဆန်စက်အရောက် ပို့ဆောင်ပေးရသည့်ဈေးနှုန်း ဖြစ်သည်။

ထို့ကြောင့် တောင်သူများသည် သယ်ယူစရိတ်များကြောင့် လက်ရှိတွင် အခြေခံ ရည်ညွှန်းဈေးနှုန်းအောက်သာ ရရှိနေပြီး ၁၂ သိန်းမှ ၁၃ သိန်းကြားသာ ရရှိသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“အခု သူတို့ဝယ်တဲ့ဈေး အများစုကလေ မြို့ပေါ်အရောက် ဝယ်တာလို့။ သူတို့ ဆန်စက်အရောက် ဝယ်တာ ဖြစ်တဲ့အတွက် ရိတ်သိမ်းတဲ့ လယ်သမာတွေရဲ့ နေရာဒေသပေါ် လိုက်ပြီးတော့ လေးလေးတို့ မြို့နယ်ဆိုရင် အရှေ့ဘက်ကမ်း ဧရာဝတီမြစ်ကို ကူးရတယ်။ မြစ်ကူးစရိတ် ရှိတယ်။ အဲဒီမြစ်ကို ချတဲ့စရိတ်၊ မြစ်ကို တင်တဲ့ စရိတ်၊ နောက်တစ်ခု လယ်ထဲကနေပြီးတော့ ကျောက်ခင်းလမ်း၊ ကတ္တရာလမ်း အဲဒီအပေါ်ကို တချို့ကျ လူနဲ့ ထမ်းသယ်ရတယ်၊ ဆိုင်ကယ်နဲ့ ထမ်းသယ်ရတယ်။ ဆိုင်ကယ်နဲ့ ကယ်ရီနဲ့ သယ်လို့ရတဲ့လမ်းရှိမယ်။ အဲဒီ စရိတ်တွေကို နှိမ်ပြီးတော့ အဲဒီလို ပေးကြတာဖြစ်တဲ့အတွက် အခု သူတို့ ၁၅ သိန်းဆိုတာက၊ ၁၄ သိန်း ဆိုတာက စက်ထဲ အရောက်ဝယ်တာ။ လယ်သမားကျတော့ တကယ်ရတဲ့ အခြေအနေမှာ ၁၂ သိန်း ရတဲ့လူရှိတယ်။ နေရာ အနီးအဝေးပေါ်မှာ မူတည်ပြီးတော့ပေါ့၊ အတင်အချပေါ်မှာ မူတည်ပြီးတော့ ၁၃ သိန်း ရတဲ့သူရှိတယ်။ အများဆုံး ရတဲ့သူက တကယ်လို့ စက်ထဲအရောက် ၁၅ သိန်း ဝယ်မယ်ဆိုရင် ကွင်းထဲမှာ တောင်သူအများဆုံးရတဲ့သူက ၁၄ သိန်းပဲ ရတယ်” ဟု ပြောသည်။

စပါးများ ရိတ်သိမ်းနေကြစဉ်

နိုင်ငံတကာမှ သတ်မှတ်ထားသည့် စပါးတင်း ၁၀၀ လျှင် ၄၆ ပေါင် ဖြစ်သော်လည်း လက်ရှိ ဝယ်ယူနေကြသည်မှာ ပေါင် ၅၀ မှ ၅၅ ပေါင်အထိ ဖြစ်ပေါ်နေကြောင်း၊ ပေါင်ချိန် အနည်းအများနှင့် အစိုဓာတ်ပေါ် မူတည်၍လည်း ဈေးနှိမ်နေမှုများ ရှိနေကြောင်း တောင်သူများက ပြောသည်။

လက်ရှိတွင် ဧည့်မထ ဆန်ကြမ်းအမျိုးအစားများသာ ပေါ်သည့်ကာလဖြစ်ပြီး ပေါ်ဆန်မွှေးဖြစ်သည့် ဆန်ချော အမျိုးအစား စပါးများမှာ မပေါ်သေးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ကျုံပျော်၊ အိမ်မဲ၊ ပန်းတနော် ၁၈ မြို့နယ်တို့တွင် ဧည့်မထ ဆန်အမျိုးအစားများကို ဝယ်ယူနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ထားခြင်းကြောင့် လက်ရှိတွင် ရည်ညွှန်းဈေးအောက် ဝယ်ယူနေမှုများကို တာဝန်ယူရန် လိုအပ်သည်ဟု ဟင်္သာတမြို့နယ်မှ စပါး စိုက်တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“စပါးအထွက်ပေါ်မှာ မူတည်တာပေါ့။ စပါးထွက်နည်းရင် ဘာစရိတ် ကျန်တော့မှာလဲလို့။ အဲဒါကြောင့်မို့လို့ ခေါင်ခါးဝေးလံတဲ့ တောင်သူတွေ စိုက်တာ ပျိုးတာကျတော့လည်း သွင်းအားစု မြေဩဇာတွေကလေ၊ ဥပမာ ရိတ်သိမ်းခတွေက ၁ သိန်းနဲ့ ၁ ထောင်နဲ့ ရပေမယ့် သူတို့က ၁ သိန်း ၃ ထောင်လောက်မှ ရောက်တယ်။ သွင်းအား စုကျတော့ သူတို့က စရိတ်က ပိုကြီးတယ်။ ထွက်လာတဲ့ ထွက်ကုန်ကျတော့လည်း အနားနီး၊ လမ်းမကြီးတွေနဲ့ နီး တဲ့ လယ်သမားတွေထက် စရိတ်ကများတယ်။ ခမျာ များရတဲ့ဘဝ၊ အဲဒါကြောင့်မို့လို့ လူနေမှု ဖွံ့ဖြိုးမှု အခြေအနေ တွေက အဲဒီလောက်အထိ ကွာခြားသွားတယ်။ ၁၃ သိန်းအောက် ကျသွားလို့ရှိရင် ဘယ်သူက တာဝန်ယူပြီးတော့ ရှင်းပေးမှာလဲ။ ကြေညာချက် ထုတ်တယ်ဆိုတာ တာဝန်ယူရဲရတယ်။ ဘယ်သူ တာဝန်ယူမှာလဲလို့၊ တာဝန်ယူမယ် ဆိုရင် ၁၃ သိန်းဈေးအောက် ချဝယ်ခဲ့သည်ရှိသော် ၁၃ သိန်းဈေးအောက် မကျရအောင် ဝယ်ယူပေးပါ့မယ်လို့ အာမခံချက်မပေးနိုင်တဲ့ အသင်းအဖွဲ့တွေကို လေးလေးတို့က ဘာတွေလိုက်နာရမှာလဲလို့” ဟု ပြောသည်။

လက်ရှိ ရရှိနေသည့် စပါးဈေးနှုန်းသည် တောင်သူများအတွက် အကျိုးအမြတ် ရှိသော်လည်း စပါးထွက်ရှိမှုနှုန်း နည်းပါးသည့် တောင်သူများအတွက် နစ်နာဆုံးရှုံးနိုင်သည့် အနေအထား ဖြစ်နေသည်ဟု တောင်သူများက ပြော သည်။

ဒါ့အပြင် ယခုနှစ်တွင် မိုးစပါးများ မိုးရွာသွန်းမှု များပြားပြီး စပါးပင်များ ရေနစ်မြှုပ်မှုများနှင့် အပင် လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူအများစုသည် ဆုံးရှုံးမှုများနှင့်လည်း ကြုံတွေ့နေရသည်။