CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
ထိုင်းနိုင်ငံတွင် အမည်စာရင်း Name List တင်ထားပြီးသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား ၂၀၂၅ ခုနှစ်အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအား အမည်စာရင်း တင်သွင်းခြင်းကို ပြီးခဲ့သည့် ဇူလိုင်လ ကုန်အထိ ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်ကာ ရွှေ့ပြောင်းလုပ်သား ၁ သန်းခန့် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “သူက နှစ်ပိုင်းရှိတယ်၊ တစ်ပိုင်း က Name List တစ်ခုတည်းနဲ့ မရဘူး။ မရဘူးဆိုတာက သူက work permit လုပ်ကို လုပ်ရမယ်။ Name List က ကိုသားကြီးသည် ဒေါ်ဖြူဖြူဆီမှာ အလုပ်လုပ်တဲ့ အလုပ်သမားအဖြစ် နာမည်စာရင်း တင်ထားတာလေး တစ်ခုပဲ။ အဲဒီတော့ ဒီဟာကို ဒီအောက်တိုဘာလထဲမှာ Work permit လုပ်ရမယ် ဆိုပြီးတော့ ပြောလာတာတွေ ရှိတယ်။ အဲဒီတော့ Work permit လုပ်မှ တရားဝင် အလုပ်သမားဖြစ်မှာ ဆိုတော့လေ။ Work permit လုပ်ကို လုပ်ရမယ်။ ၂၀၂၅ အထိသူ ဒီ Work permit နဲ့ပဲ ပတ်စပို့တွေ မလုပ်ရတော့ဘူး။ CI မလုပ်ရဘဲနဲ့ သူတို့ Work permit တစ်ခု တည်းနဲ့ပဲ အလုပ်သမားလက်မှတ် တစ်ခုတည်းနဲ့ အလုပ်လုပ်ခွင့် ရမယ်ဆိုရင် ပိုပြီးတော့ ကောင်းတာပေါ့နော် ဒီလို မျှော်လင့်တယ်။ အစီအစဉ်တွေက ဘယ်လို ပြောင်းလာမလဲဆိုတာကို သေချာမသိနိုင်တဲ့အတွက် ထိုင်းအစိုးရရဲ့ ကြေညာချက်ကို စောင့်ကြည့်ရမှာကတော့ အများကြီးရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နေထိုင်ခွင့် လျှောက်ထားနေကြတဲ့ မြန်မာများကိုတွေ့ရစဉ်
လက်ရှိ ထိုင်းနိုင်ငံတွင် အမည်စာရင်း တင်ထားပြီးသည့် ရွှေ့ပြောင်းလုပ်သား မြန်မာ အပါအဝင် ၁ သန်းခန့်ရှိ ကြောင်း၊ ၎င်းတို့အနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပြီးစီးပါက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
နေထိုင်အလုပ်လုပ်ခွင့်ကို အချိန်အားဖြင့် တစ်နှစ်ကျော်ခန့်သာ ခွင့်ပြုပေးထားခြင်း ဖြစ်သော်လည်း နောက်ပိုင်း တွင် ထပ်တိုးခွင့်ပြုခြင်းများ ပြုလုပ်လာနိုင်ကြောင်းလည်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူ များက သုံးသပ်ကြသည်။
ထိုဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထိုင်းဘက်ရှိ ဌာနဆိုင်ရာများမှ တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိသေးသည့်အပြင် ပွဲစားများ၏ အခန်းကဏ္ဍမှာ ပါဝင်ပတ်သက် နေဦးမည်ဖြစ်ကြောင်း FED မှ အလုပ် သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နေထိုင်ခွင့် လျှောက်ထားနေကြတဲ့ မြန်မာများကိုတွေ့ရစဉ်
၎င်းက “အခုက မလုပ်ရသေးတဲ့ ကာလဆိုရင် ပြောရမယ်ဆိုရင် သက်သာတာပဲလေ။ သက်သာတယ်လို့ ပြောရမှာ ပေါ့ အလုပ်လုပ်ခွင့်ရနေရင် ဆေးစစ်တာတို့ ကျန်တဲ့ဟာတွေ မလုပ်ရသေးဘူးပေါ့။ ပေးနေတယ်ဆိုတဲ့ သဘော ပေါ့။ သို့သော်လည်း အလုပ်သမားတွေက အများစုက ပွဲစားတွေနဲ့ လုပ်ရတာကို။ သေချာတော့ ပြောလို့မရဘူး အကျိုးအမြတ် ဘယ်လောက်ရလဲဆိုတာ၊ ဘာလို့ဆို ပွဲစားခက အကုန်ပေးရတာကို။ လ နောက်ကျလို့ဆိုပြီး လျှော့ ပေးတာမှ မဟုတ်တာ။ Name List လို့သာ ပြောတာ အများစုက Name List မဟုတ်ပါဘူး ပြောရမယ်ဆိုရင်။ ပွဲစားတွေက တခါတည်း CI စာအုပ် ထွက်တဲ့အထိဆိုပြီးတော့ တခါတည်း ယူထားလိုက်တာ။ သူတို့က Package လိုက်တွေ လုပ်ထားတာပေါ့” ဟု ပြောသည်။
ထို့အပြင် ဗီဇာကြေးကုန်ကျငွေ ၂၀၀၀ ဘတ်အဖြစ် ပြောင်းလဲ သတ်မှတ်ထားခြင်းကို ယခင်နှုန်းထားဖြစ်သည့် ၅၀၀ ဘတ်သို့ ပြန်လည်လျှော့ချ ပေးလိုက်သည့်အပြင် သက်တမ်းပြည့် MOU သမားများကိုလည်း ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုကြောင်း သိရသည်။
ယခုကဲ့သို့ ဗီဇာကြေးအား ၁၅၀၀ ဘတ် လျှော့ချလိုက်ခြင်းသည် ရွှေ့ပြောင်း လုပ်သားများအတွက် ကောင်းမွန်ကာ ကုန်ကျစရိတ်မှာ အထိုက်အလျောက် သက်သာသွားစေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင် ရွက်သူများက ပြောသည်။