၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃

ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခက်အခဲများကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ သံရုံးများမှ သေချာကူညီ ဖြေရှင်းပေးမည်ဆိုပါက ၂၅ ရာခိုင်နှုန်း ငွေလွှဲခြင်းအား ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြည်ပနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ပြည်ပနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများထဲတွင် အဆင်ပြေသူများရှိသကဲ့သို့ အခက်အခဲ ပြဿနာများဖြင့် အဆင်မပြေ ဖြစ်နေသူများလည်း ရှိကြောင်း၊ အဆိုပါ အခက်အခဲများအပေါ် သံရုံး၏ ကူညီ ဆောင်ရွက်ပေးမှု နည်းပါးသောကြောင့် ၂၅ ရာခိုင်နှုန်း ငွေလွှဲခိုင်းရာတွင် မလွှဲချင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် ပြဿနာအရပ်ရပ်အား သံရုံးမှ ကူညီဖြေရှင်းပေးမည်ဆိုပါက ၂၅ ရာခိုင်နှုန်း ငွေလွှဲခြင်းကို လုပ်ဆောင်လာကြမည်ဟု ထင်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားရုံးရှေ့မှာ ပြည်ပထွက်မည့် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်

၎င်းက “ငွေရော ပတ်စပို့ရော ဆုံးရှုံးရတဲ့လူတွေ အများကြီးပါ အခုလက်ရှိ အခြေအနေမှာ။ ရှေ့ဆက်ပြီး ကူညီ ဖြေရှင်းပေးဖို့ အဖွဲ့အစည်းဆိုတာလည်း မရှိဘူး။ ဥပမာ မြန်မာသံရုံး အနေနဲ့ပေါ့ ဒီပြဿနာ အရပ်ရပ်ကို သူတို့က ရှေ့ထွက် ကူညီပေးဆောင်မယ်ဆိုရင် ကျနော်စိတ်ထင် ဒီ ၂၅ ရာခိုင်နှုန်း ပေးဆောင်မယ့် ကလေးတွေ အများကြီး ပါ။ သို့ပေမယ့်လည်း အခုအချိန်မှာ မြန်မာအလုပ်သမားလေးတွေ အခက်အခဲပြဿနာ ဖြစ်လာတဲ့အခါမျိုးမှာ သူတို့က ကိုယ်နဲ့မဆိုင်သလို၊ သူတို့ကူညီနိုင်တဲ့ အတိုင်းအတာ တစ်ခုလောက်ကိုပဲ သူတို့ တာဝန်အလုပ်သဘော အရ လုပ်သွားပေးတယ်ဆိုတော့ ပြောရမယ်ဆိုရင် သူတို့လည်း အားကိုးလို့မရမယ့် အခြေအနေမှာဆိုရင် ဒီဟာကြီး ကိုလည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး။ တကယ်လို့သာ သူတို့ကလည်း ကိုယ့်မြန်မာနိုင်ငံသားအတွက် ရှေ့ဆက် ပြီးတော့ အရာရာ ရင်ဆိုင်ပြီး လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ဒီ ၂၅ ရာခိုင်နှုန်းကိစ္စက အဆင်ပြေသွားမှာပါ” ဟု  ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခလစာထဲမှ ၂၅ ရာခိုင်နှုန်း ငွေလွှဲရခြင်းသည် မဖြစ်မနေ ဆောင်ရွက် မည့် အနေအထား ဖြစ်သောကြောင့် မလုပ်ဆောင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် အပါအဝင် အခြားအထောက်အထားများ ပြုလုပ်ရာ၌ အခက်အခဲဖြစ်နိုင်ကြောင်း တတ်သိပညာရှင်များက ထောက်ပြကြသည်။

နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား သက်တမ်းတိုး ပြုလုပ်ရာတွင် ၂၅ ရာခိုင်နှုန်း ငွေလွှဲထားခြင်း မရှိသဖြင့် လွှဲရန်ကျန်ရှိသည့် ပမာဏ စုစုပေါင်း အကုန်လုံးအား တစ်ပါတည်း လွှဲရမည်ဆိုလျှင် ပြည်ပရောက် မြန်မာနိုင်ငံ သားများအတွက် အခက်အခဲ ပိုမိုဖြစ်စေနိုင်မည်ဟု  မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက ဆက်ပြောသည်။


၎င်းက “ပတ်စပို့ သက်တမ်းတိုးတာတို့ ဘာတို့ပေါ့ အဲဒီအချိန်ကြမှပဲ အခက်အခဲတွေ ဖြစ်လာကြမယ်လို့ ထင် တယ်။ ဒီကြားထဲမှာတော့ ငွေလွှဲတာတွေ ဘာတွေကတော့ သူတို့နည်း သူတို့ဟန်တွေနဲ့ပဲ လွှဲနေကြဦးမှာပဲ။ သို့ပေမယ့်လည်း ဒီပတ်စပို့ သက်တမ်းတိုးတဲ့ အချိန်ကြရင်တော့ အခက်အခဲဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့။ စုပြုံလွှဲရမယ် ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေလောက်မှာ မဟုတ်ဘူးလို့ ထင်တယ်။ မလွှဲထားလို့ သူတို့က စာအုပ်တွေ မလုပ်ဘူးဆိုရင်တော့ ဒါကတော့ ကျနော့်အမြင်ပေါ့ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်မယ့်လူရှိသလို ဒီမှာ အို(O)တွေနဲ့ ဆက်နေမယ့် သူတွေရှိမှာပဲ။ ၂၅ ရာခိုင်နှုန်း မဆောင်ခြင်းအားဖြင့် လေဆိပ် မှာလည်း သူတို့ အခက်အခဲတွေ ဖြစ်လာနိုင်မှာမျိုးကိုလည်း သုံးသပ်တဲ့လူတွေ ရှိတယ်လေ။ များသောအား ဖြင့်ကတော့ အောက်လမ်းကိုပဲ ရွေးပြီး ပြန်ကြမယ်လို့ ကျနော်ထင်တာပဲပေါ့လေ” ဟု ပြောသည်။

ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများကိုတွေ့ရစဉ် 

လက်ရှိတွင် လုပ်ငန်း ယာယီရပ်နားထားသည့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများ၊ အလုပ် အကိုင် မရှိ၍ အခက်အခဲ တွေ့နေကြသူများရှိသဖြင့် ယခုကဲ့သို့ ငွေလွှဲရမည်ဆိုလျှင် ၎င်းတို့အတွက် အခက်အခဲ ပိုဖြစ်စေနိုင်သည်။
ထိုင်းမှ မြန်မာရွှေ့ပြောင်း လုပ်သားများသည် အထောက်အထားများအား အခြားနိုင်ငံများထက် ပိုမိုပြုလုပ်ရ သဖြင့် ငွေကုန်ကြေးကျ ပိုမိုများပြားသောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းကာ ဖြေလျှော့မှုများ ဆောင်ရွက်ပေးသင့်ကြောင်း သုံးသပ်ကြသည်။

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဘယ်လို လုပ်မလဲဆိုရင် နံပါတ်တစ်ကတော့ MOU နဲ့ လာတဲ့ အလုပ်သမားတွေ ပြဿနာကို အရင်ဖြေရှင်း နိုင်အောင် ကြိုးစားဖို့လိုတယ်။ အခုမြန်မာနိုင်ငံ သံရုံးအနေနဲ့ကလည်း ‌MOU နဲ့လာတဲ့ အလုပ်သမားတွေကို ဖြေရှင်းတဲ့အခါ မှာ စနစ်တကျ ဖြေရှင်းတာမျိုး မဟုတ်ဘဲနဲ့ အဆင်ပြေသလိုပဲ ဖြေရှင်းသွားတဲ့ အခါကြတော့ အောင်မြင်မှု အား နည်းတယ်။ နံပါတ်တစ် MOU နဲ့လာတဲ့ အလုပ်သမားတွေရဲ့ ပြဿနာတွေကို မြန်မာနိုင်ငံ အစိုးရအနေနဲ့ စနစ်တကျ ဖြေရှင်းနိုင်အောင် ကြိုးစားဖို့လိုတယ်။ ဥပမာဆိုရင် ရွှေ့ပြောင်း အလုပ်သမားအရေး ပြဿနာ ဖြေရှင်းရေး ကော်မတီတစ်ရပ် ဖွဲ့ပြီးမှ အလုပ်သမားတွေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားဖို့လို တယ်” ဟု ပြောသည်။

သတ်မှတ်ထားသည့် ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲခြင်း မလုပ်ဆောင်ပါက ထပ်မံပြီး ပြည်ပထွက်ခွာ အလုပ် လုပ်ခွင့်ကို သုံးနှစ် ပိတ်ပင်မည်ဟုလည်း သတိပေး ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် လစာမှအပ ဝင်ငွေအခွန်အဖြစ် ရရှိသည့် နိုင်ငံခြားငွေအတိုင်း ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရခြင်းကိုလည်း အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ စည်းကြပ်တော့မည် ဖြစ် သည်။