CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံအတွင်း မွေးမြူထားသည့် ရေထွက်ကုန်များကို GACC နည်းလမ်းဖြင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ယခင်က မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးရရှိသည့် ငါးများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် မွေးမြူရေးငါးများကိုလည်း တရားဝင် တင်ပို့၍ ရပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ မွေးမြူရေး ရေထွက်ကုန်များကို တရားဝင် တင်ပို့ခွင့်ရရန်အတွက် လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကတည်းကပင် ဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။

“ငါးတွေက နဂိုကတည်းက အစုံပါတယ်။ အရင်တုန်းက ကျမတို့က ဖမ်းဆီးတဲ့ ငါးပဲပေါ့။ အခုတော့ မွေးတဲ့ငါး တွေပါ ပါတာပေါ့။ အဲဒါတွေ အကုန်လုံး သတ်မှတ်ချက်တွေ အောင်လို့သာ ရတာလေ။ FAF ပရိုတိုကောလို့ ခေါ်တာပေါ့ အဲဒီပရိုတိုကော အောင်လို့တာ ရတာ။ သူတို့ကနေမှ စစ်တယ်၊ စစ်ပြီးတော့မှ အကုန်လုံး သူတို့ ကျေနပ်တယ်ဆိုတော့မှ ပေးတာလေ ဒါက။ ပြီးတော့မှ လက်မှတ်ထိုးတာလေ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထိုးတယ် ဆိုတာက ဒီဟာကြီး လုပ်တာက ကျမတို့ ၂၀၁၉ ကတည်းက လုပ်နေတာလေ ၄ နှစ်လောက် ကြာတာပေါ့” ဟု ပြောသည်။

ထိုသို့ တရားဝင် တင်ပို့ခွင့်ရရှိခြင်းကြောင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အကျိုးရှိလာမည် ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်အနေဖြင့် မွေးမြူရေးလုပ်ကိုင်ရန်အတွက် မြေနေရာများကို ဖော်ဆောင် ပေးရန် လိုအပ်သည်ဟု တနင်္သာရီ ငါးလုပ်ငန်းဦးစီးဌာနမှ အတွင်းရေးမှူး ဦးသက်စိုးက CNI သတင်းဌာနသို့ ပြောသည်။

မွေးမြူရေးငါးကန်တစ်ခုမှ ငါးများဖမ်းယူနေစဉ်

“တရားဝင် တင်ပို့ခွင့်ရတော့ ဒေသခံ မွေးမြူရေးသမားတွေအတွက် ပိုပြီး တွက်ခြေကိုက်မှာပေါ့။ တရုတ်က ဈေးကွက်ကြီးတာကိုး။ အရင်တုန်းက တရားဝင် တင်လို့မရဘူး။ အခု တရားဝင် တင်ပို့ခွင့်ရတော့ ဒေသခံတွေ အကျိုးရှိတာပေါ့။ မွေးမြူရေး လုပ်တာဆိုရင် နိုင်ငံတော်က ဘာလုပ်ပေးရမလဲဆိုရင် မြေနေရာပေါ့နော်၊ မြေနေရာ ရရှိရေး ဆောင်ရွက်ပေးရမှာပေါ့။ ဒါမှလည်း မြေရှိမှ မွေးလို့ရမှာပေါ့။ GACC စနစ်နဲ့ညီအောင် သူတို့က မဆောင်ရွက်ရင်တော့ ရမှာမဟုတ်ဘူး။ သူတို့ရဲ့ GACC ခေါ်တာပေါ့နော်၊ သူတို့ရဲ့ ပိုးမွှားကင်းစင်ဖို့ လိုတယ်။ ဒီလို ချေးစားပြီးတော့ သူတို့စစ်ဆေးရင် ပိုးမွှားတွေ့ရင် သူတို့ လက်ခံမှာ မဟုတ်ဘူး” ဟု ပြောသည်။

တရုတ်ဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ စည်းကမ်း ချက်များနှင့်အညီ မွေးမြူထုတ်လုပ်တင်ပို့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ ငါးမွေးမြူရေးကန်တချို့သည် ကြက် မွေးမြူရေးများနှင့် တွဲဖက်ထားမှုများ ရှိနေခြင်းကြောင့် ယင်းမှ ရရှိသည့် ငါးများသည် တရုတ်နိုင်ငံမှ သတ်မှတ် ချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် ယင်းရေထွက်ကုန်များသည် တင်ပို့၍ ရနိုင်မည် မဟုတ်ကြောင်း သိရ သည်။

လက်ရှိတွင် မြန်မာနိုင်ငံက ထွက်ရှိသည့် ငါး၊  ပုဇွန်၊ ဂဏန်း၊ ငါးရှဉ့် တို့ကို ပင်လယ်ရေလမ်းကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တင်ပို့လျက်ရှိနေပြီး တရုတ်နိုင်ငံသည် မြန်မာ့ရေထွက်ကုန်တင်ပို့မှု၏ အဓိက ဈေးကွက်တစ်ခုဖြစ်သည်။