CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုး က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်တွေ့ဆုံစဉ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ (ဧပြီ ၂၀ ရက်)တွင် နေပြည်တော်မှာ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တွေ့ဆုံ ခဲ့ကြသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင် စာရင်းများ ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံရေးပါတီများအား စစ်ဆေး ဆောင်ရွက်နေမှုနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့သည်”ဟု ပြော သည်။

ထို့နောက် တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နစက၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေနှင့် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ စစ်ဆေး ဆောင်ရွက်နေမှုတို့ကို မေးမြန်းခဲ့ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာထားပြီး ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ်(PR)ကို ပြောင်းလဲကျင့်သုံး ကျင်းပမည်ဟုလည်း ကြေညာ ထားသည်။