CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တွေ့ဆုံ၍ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်က ဆွေးနွေးခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိမိတို့ အစိုးရအဖွဲ့ တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောသည်။
ထို့နောက် မစ္စတာ ဝမ်ယိက အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်ကြီး ဖြစ်လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့ ၏ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အရှိန်အဟုန် မြှင့်တင်၍ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ဆက်လက် ရပ်တည် ထောက်ခံ ဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာ အာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကိုလည်း စွဲစွဲမြဲမြဲ ထောက်ခံအားပေးလျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ရင်းကြားစေ့ရေးနှင့် လူ့ဘောင် အဖွဲ့အစည်း သဟဇာတဖြစ်မှုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် စွဲစွဲမြဲမြဲ ထောက်ခံ အားပေးလျက်ရှိမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အလားတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန် ချောမွေ့ စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး စသည့် ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု များကို ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်နှင့် အာဆီယံ အသိုက်အဝန်းတို့အတွင်း ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူ များက ရွေးချယ်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက် လက် လျှောက်လှမ်း လျက်ရှိသည့်အတွက် အာဆီယံအဖွဲ့အတွင်း ပါဝင် ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖျင်၏ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြောကြား ထားသည့် အကြံပြုချက် ၄ ချက် အပေါ်တွင်လည်း ထောက်ခံလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှု၊ စွမ်းအင်နှင့်သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့် တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အွန်လိုင်း လိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းများ ကို ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားမည့် အခြေအနေများ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နေပြည် တော်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် မြန်မာဘက်က သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ သမ္မတရုံးဝန် ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ NSPCC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြသည်။
