CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ခရီးစဉ်နောက်ပိုင်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအပိုင်းများတွင် ဘယ်လို အပြောင်းအလဲများ ဖြစ်လာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက သုံးသပ်လျက်ရှိနေသည်။

မစ္စတာဝမ်ယိသည် ဩဂုတ် ၁၄ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် အပါအဝင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး နယ်စပ်ကုန်သွယ်ရေးများလည်း ရပ်တန့်လျက်ရှိနေသည်။

မစ္စတာဝမ်ယိသည် လက်ရှိ တရုတ်အစိုးရတွင် အရေးပါသော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မြန်မာပြည် အရေးသည်လည်း ၎င်းတို့နှင့် သက်ဆိုင်သည့်အတွက် လာရောက်ခြင်းဟု မြင်မိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်ဖက်က ကြည့်ရင်တော့ အရေးကြီးလို့ပေါ့၊ အရေးကြီးလို့ သူကိုယ်တိုင်လာတာ ဘာကြောင့်လဲဆို တော့ ဝမ်ယိက အခုလက်ရှိ တရုတ်အစိုးရမှာ တော်တော်လေး အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ကိစ္စတော်တော် များများကို သွားဆိုင်တော့ ဗမာပြည်အရေးဟာလည်းပဲ သူကိုယ်တိုင်လာပြောမှ ရတော့မယ်ဆိုတဲ့ သဘောနဲ့ မင်းအောင်လှိုင်ကို လာတွေ့တာ ဖြစ်မှာပေါ့၊ ဒါကြောင့် ဘာဖြစ်ဖြစ်တော့ သူပြန်ပြီးနောက်မှာ မင်း‌အောင်လှိုင်တို့ ဘယ်လို ကြေညာမလဲ၊ ဘယ်လို လုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ရင် ဘာလာပြောလဲဆိုတာ ပေါ်လာမှာပေါ့ဗျာ၊ တစ်ရက်၊ နှစ်ရက်တော့ ကြည့်ရမှာပေါ့” ဟု ပြောသည်။

ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေးနွေးနေစဉ်

မစ္စတာဝမ်ယိသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး စသည့် တာဝန်များလည်း ထမ်းဆောင်နေသူဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း/မိတ်ဆွေကောင်း နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံပါကြောင်း၊ နစက၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ဆောင်ရွက်နေမှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထား ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုကို တရုတ်အနေ ဖြင့် ဆန့်ကျင်ကြောင်း ပြောသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ရောက်လာခြင်းကြောင်း ပဋိပက္ခအပေါ် သက်ရောက်မှု ရှိသလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “မြန်မာနိုင်ငံမှာ အခု တိုက်ပွဲဖြစ်နေတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှု မလုပ်တဲ့အတွက်ကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာဖြစ်တယ်၊ ကျနော်တို့ အဲဒီလို ရှုမြင်တယ်၊ အဲဒါကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတဲ့ အတွက်ကြောင့် တိုက်ပွဲလျှော့ချနိုင်မလား ဆိုတဲ့ဟာကလည်း စောင့်ကြည့်ရ မယ့် သဘောရှိတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဝမ်ယိသည် တရုတ်-မြန်မာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ် များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) တွေ့ဆုံစဉ်

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တော့ မြန်မာနိုင်ငံပဲလို့ ပြောတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးတဲ့ သဘောပါ၊ လက်နက်ကိုင်တိုက်တာကိုတော့ မူအားဖြင့် သူတို့ (တရုတ်) ထောက်ခံဖို့ မရှိဘူး။ ဒါပေမဲ့ လက်တွေ့ မြေပြင်မှာတော့ သူတို့ တစ်ဖက်လှည့်နဲ့ အကူအညီ ပေးချင်ပေးမှာပေါ့ဗျာ၊ အထူးသဖြင့်တော့ အစိုးရ ပိုင်း၊ နိုင်ငံခြားရေးပိုင်း မဟုတ်ဘဲနဲ့ တပ်ပေါ့၊ ယူနန်ပြည်နယ်တို့ နောက်ပြီးတော့ တပ်၊ တရုတ်ရဲ့ ပြည်သူ့ တပ်မတော်တို့က တစ်ဖက်တစ်လမ်း ပါချင်ပါမှာပေါ့၊ သို့သော် နိုင်ငံရေးအရတော့ မပါဘူးဆိုတာ သူရှင်းပြသွား တော့ နိုင်ငံရေးအရကတော့ လက်ရှိ အစိုးရရဲ့ ရွေးကောက်ပွဲကိုပဲ စောင်းပေးတာ တွေ့ရတယ်လေ၊ ဒါကြောင့် လက်ရှိ စစ်ကောင်စီကလည်းပဲ နိုင်ငံရေးအရ ဘယ်လို ခြေလမ်း လှမ်းမလဲဆိုတာ ကျနော်တို့ နည်းနည်း တစ်ရက် နှစ်ရက်တော့ စောင့်ကြည့်ရမှာပေါ့၊ ပူးတွဲကြေညာချက်ကတော့ နားထောင်ကောင်းအောင် ကြည့်ကောင်းအောင် ထုတ်ပြန်တာ ဖြစ်ပါတယ်။ လက်တွေ့ မြေပြင်မှာတော့ အခြေအနေ တစ်မျိုး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ယခုလ ဩဂုတ် ၈ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပမည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ကြား ဟိုင်ဂင်ဆွေးနွေး ပွဲ ပျက်သွားခဲ့ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း မြန်မာပြည်ကို လာရောက်ခဲ့သည်။ 

ထို့နောက် ရှမ်းမြောက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး ပြည်မဒေသအထိ ဖြစ်ပွားလာမည်ဟု လူထုကြား စိုးရိမ်မှုရှိနေစဉ် မစ္စတာဝမ်ယိ လာရောက်၍ နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)တို့နှင့် တွေ့ဆုံခဲ့သည်။