CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅

မြန်မာနိုင်ငံအတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရုတ်က ဆက်လက် ပံ့ပိုးကူညီသွားမည် ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၄ ရက်နေ့က ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် တွေ့ဆုံပြီး မြန်မာ့အရေး အပါအဝင် ရွေးကောက်ပွဲကိစ္စများကို ဆွေးနွေးခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ရှိ ၆ လုံးတန်းအိမ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)က “ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ပြည်ပဝင်ရောက် စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များ ကို ဆက်လက်ပံ့ပိုး ကူညီသွားမည်ဟု မျှော်လင့်တယ်”ဟု ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန မှဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းသံတမန် ဆက်ဆံ ရေး၏  အရေးကြီးသည့် နေရာတွင် အစဉ်အမြဲ ထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့အကျိုးရလဒ်များ ပိုမို ရရှိအောင် ဆောင်ရွက်သွား လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ တွေ့ဆုံစဉ်

၎င်းက “မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည် စတင်ရန် ထောက်ခံကြောင်း ၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာ ဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို  အခိုင်အမာ ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူ ပူအမျှ၊ အပြန်အလှန်ဖေးမ ကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် မြို့နယ်အများအပြားကို နစကဘက်က လက်လွတ်ဆုံးရှုံးထားရ သည်။

ထို့အပြင် မြန်မာ့တပ်မတော်သည် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည် နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး တို့မှာလည်း အတိုက်အခံ လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေ သည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် တရားဥပဒေစိုးမိုးမှု လျှော့နည်းလာသလို တည်ငြိမ်အေးချမ်းမှု များလည်း လျှော့နည်းလာနေပြီး ပြည်သူလူထုမှာ လုံခြုံရေးကင်းမဲ့လာနေသည်ဟု နိုင်ငံရေးသမားများက ထောက်ပြကြသည်။