CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁

မြန်မာနိုင်ငံသားများဦးဆောင်ရေးဟူသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အခိုင်အမာ လက်ကိုင်ထားပြီး အာဆီယံ၏ အခန်းကဏ္ဍကို အဓိကလမ်းကြောင်းအဖြစ် ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့အရေးအထူးကိုယ်စားလှယ် Julie Bishop နှင့် သြဂုတ် ၂၀ ရက်က ဘေကျင်းမြို့မှာ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

ဝမ်ယိက “ မြန်မာ့အရေးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နိုင်ငံတစ်သား တည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက် ပြည်စုံမှုကို အခိုင်အမာ လေးစားသလို ပြည်တွင်းရေး ဝင်ရောက်မစွက် ဖက်ရေး၊ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံသားများ ဦးဆောင်ရေးဟူသော ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အား အခိုင်အမာ လက်ကိုင်ထားပြီး အာဆီယံ၏ အခန်းကဏ္ဍကို အဓိကလမ်းကြောင်းအဖြစ် ထောက်ခံ တယ်”ဟု ပြောသည်။

 ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာအထူးကိုယ်စားလှယ်သည် တစ်မူထူးခြား သည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော် တာဝန်များကို ထမ်းဆောင်ရာတွင် အားပေးထောက်ခံပြီး ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ရေရှည်ခိုင်မာစွာ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Julis Bishop က “ မြန်မာ့အရေး သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် သဘောတူညီချက်များ ရရှိအောင် တရုတ်နိုင်ငံနှင့်တကွ အာဆီယံနှင့်အတူ နီးကပ်သည့် ဆွေးနွေးညှိနှိုင်းမှု၊ အားဖြည့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုတယ်”ဟု ပြောသည်။

မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၄ ရက်နေ့က ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် တွေ့ဆုံကာ နစက ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း၊ အားလုံး ပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အားပေးထောက်ပံ့ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)ကို တွေ့ရစဉ်

ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)နှင့် ဆက်လက် တွေ့ဆုံပြီး မြန်မာ့အရေး ပြည်ပဝင်ရောက် စွက်ဖက်မှု မရှိစေရေးနှင့် မြန်မာပြည် တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးရေးကိစ္စများ ဆွေးနွေးခဲ့ကြ သည်။

လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ မြန်မာ့တပ်မတော်နှင့် အတိုက်အခံ လက်နက်ကိုင်အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး မြို့/ရွာများ ပျက်စီးဆုံးရှုံးလျက်ရှိသလို နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၁ သန်းကျော် ရှိလာသည်။

အဆိုပါ တိုက်ပွဲများ ပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း သုံးဖွဲ့(AA-TNLA-MNDAA)တို့ကြား တရုတ်နိုင်ငံမှာ ဟိုင်ဂင်ဆွေးနွေးပွဲကို (၅)ကြိမ်အထိ လုပ်ထားပြီး (၆)ကြိမ် မြောက် ဆွေးနွေးပွဲကို ယနေ့အချိန်ထိ မဖြစ်မြောက်သေးပဲ ဖြစ်နေသည်။