CNI International News

ချီကာဂို၊ ဩဂုတ် ၂၁

သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ “အမေရိကန် ပထမ”မူဝါဒသည် ကမ္ဘာကိုထိခိုက်စေလိမ့် မည်ဟု ဩဂုတ် ၁၉ ရက်က ပြုလုပ်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ အမျိုးသား ညီလာခံတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ဘိုင်ဒန်သည် ညီလာခံအတွင်း ဒုသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ က တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းသည် ၎င်း၏ နိုင်ငံရေးသမား သက်တမ်းတစ်လျှောက်တွင် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

ချီကာဂို (Chicago) မြို့တွင် ပြုလုပ်သည့် ပါတီညီလာခံ ပထမနေ့၌ ဘိုင်ဒန်က ဟားရစ်၏ စိတ်ဓာတ်ခိုင်မာမှု၊ အတွေ့အကြုံရှိမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို ချီးကျူးခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

မိနစ် ၅၀ ကြာမြင့်ခဲ့သည့် ထိုမိန့်ခွန်းသည် ပြီးခဲ့သည့်လက ရွေးကောက်ပွဲမှ နုတ်ထွက်ခဲ့သော အသက် ၈၁ နှစ် အရွယ် သမ္မတဘိုင်ဒန်၏ နိုင်ငံရေးနိဂုံး တစ်ခုအဖြစ် အများစုက ရှုမြင်ခဲ့ကြသည်။

ထို့ပြင် ဘိုင်ဒန်က ထရမ့်၏ နိုင်ငံခြားရေးမူဝါဒများ၏ အန္တရာယ်ကိုလည်း သတိပေးခဲ့သည်။

"ထရမ့် ရာထူးက ဆင်းသွားချိန်မှာ ဥရောပနဲ့ နေတိုးအဖွဲ့က အင်အားချိနဲ့နေခဲ့ပါတယ်။ သူ့ရဲ့ အမေရိကန် ပထမ လမ်းစဉ်ဟာ ကမ္ဘာပေါ်က အမေရိကန်ရဲ့ ပုံရိပ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဘိုင်ဒန်က သူ့လက်ထက်တွင် ဥရောပမဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးခဲ့သည့် နာရီပေါင်း ၁၉၀ နာရီရှိခဲ့ပြီး နေတိုး အဖွဲ့သည် ပြန်လည် ခိုင်မာအားကောင်းလာခဲ့ကြောင်း၊ ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုဂယက်ကြောင့် ဖင်လန်နှင့် ဆွီဒင်တို့လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

 ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ပထမ မူဝါဒကို ကြွေးကြော်နေစဉ်

"ကျနော် သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်မှာ တရုတ်ဟာ အမေရိကန်ကို မလွဲမသွေ ကျော်တက်တော့မယ့် အခြေအနေ ရှိနေတယ်လို့ ယူဆချက်တွေ ထွက်ပေါ်နေချိန် ဖြစ်ပါတယ်။ အခုတော့ အဲဒါကို ဘယ်သူမှ မပြောကြ တော့ပါဘူး" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် အစ္စရေး-ဟားမာ့စ် ပဋိပက္ခနှင့်ပတ်သက်ပြီး ညီလာခံကျင်းပရာ အဆောက်အအုံ၏ အပြင်ဘက်တွင် စုရုံးနေသည့် ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူများ၏ ခံစားချက်များကို နားလည်ကြောင်း ပြောကြားခဲ့သည်။

"ဆန္ဒပြသူတွေ လမ်းပေါ်ရောက်နေတာ အကြောင်းရှိလို့ပါ။ နှစ်ဖက်စလုံး (အစ္စရေးနှင့် ပါလက်စတိုင်း)က အပြစ်မဲ့တဲ့သူတွေ သေဆုံးနေကြပါတယ်" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရန် အချိန်ကျပြီဖြစ်ကြောင်း စစ်ပွဲကို အဆုံးသတ်ပြီး ဂါဇာဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ရန် လိုအပ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

Source: Nikkei Asia