CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၀

အီရန်ဟက်ကာများသည် အမေရိကန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ မဲဆွယ်စည်းရုံးမှု အစီအစဉ်မှ ခိုးယူထားသည့် အချက်အလက်များ ပါဝင်သော အီးမေးလ်များကို သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ မဲဆွယ်စည်းရုံးမှုတွင် ပါဝင်ခဲ့ဖူးသည့်လူများထံ ပေးပို့နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလုပ်ဆောင်ချက်အရ အီရန်သည် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်သည့် အားထုတ်ကြိုးပမ်းမှု များအား ပိုမိုအရှိန်မြှင့်တင် နေခြင်းဖြစ်သည်ဟု အမေရိကန်လုံခြုံရေးအေဂျင်စီများ စက်တင်ဘာ ၁၈ ရက်တွင် စွပ်စွဲခဲ့သည်။

"ဒါအပြင် အီရန်ဟက်ကာတွေဟာ ဇွန်လကစပြီး သူတို့ခိုးယူထားတဲ့ ထရမ့်ရဲ့ မဲဆွယ် လှုပ်ရှားမှုဆိုင်ရာ အချက် အလက်တွေကို အမေရိကန်မီဒီယာ အဖွဲ့အစည်းတွေဆီ ပေးပို့ခဲ့ပါတယ်" ဟု FBI၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံ အဆောက်အအုံ လုံခြုံရေးအေဂျင်စီ၊ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးတို့က ပူးတွဲ ထုတ်ပြန်ခဲ့ သည်။

အီရန်ဟက်ကာများက ထရမ့်နဲ့ပတ်သက်ပြီး ပြောထားမှုကို တွေ့ရစဉ်

"အဲဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ  ကျနော်တို့ရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအပေါ်မှာ ထားရှိတဲ့ ယုံကြည် မှုတွေကို လျော့ကျစေဖို့နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်စေဖို့ အီရန်ရဲ့ နည်းပေါင်းစုံသုံးပြီး ချဉ်းကပ်မှုရဲ့ နောက်ဆုံး ဥပမာတစ်ခု ဖြစ်နေပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် အီးမေးလ်များ ပေးပို့ခံခဲ့ရသူများသည် တစ်စုံတစ်ရာ အကြောင်းပြန်ခဲ့သည့် အရိပ်လက္ခဏာကို မတွေ့ရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သော်လည်း ခိုးယူခံခဲ့ရသော အချက်အလက်များ၏ သဘော သဘာဝ အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပေ။

သြဂုတ်လ အတွင်းကလည်း အီရန်သည် အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ဆန့်ကျင်သည့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။

ထို့ပြင် အီရန်သည် အမေရိကန်ပြည်သူများအကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုများဖြစ်စေရန် သွေးထိုး လှုံ့ဆော်နေကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် ထောက်ခံသူများကိုတွေ့ရစဉ်

သို့သော်လည်း အီရန်ကမူ အမေရိကန်၏ အရေးကိစ္စများကို ကြားဝင်စွက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

အမေရိကန်စွပ်စွဲချက်များသည် လုံးဝ အခြေအမြစ် မရှိကြောင်းနှင့် လုံးဝ လက်မခံနိုင်ကြောင်း အီရန်၏ ကုလ သမဂ္ဂဆိုင်ရာ အမြဲတမ်း အထူးတာဝန်အဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အီရန်အနေဖြင့် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်နှင့် ထိုသို့ လုပ်ဆောင်ရန် အကြောင်းရင်းလည်းမရှိကြောင်း အီရန်အထူးတာဝန်အဖွဲ့က ပြောကြားခဲ့သည်။

Source: ရိုက်တာ