CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂

အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ဇွန်လ ၂၇ ရက်က ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲ၌ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ ပြင်ဆင်မှုအားနည်းခြင်း၊ ချေပပြောဆိုနိုင်မှု အားနည်းခြင်းတို့အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂျော်ဂျီယာ (Georgia) ပြည်နယ်၊ အတ္တလန္တာ (Atlanta) မြို့တွင် ပြုလုပ်ခဲ့သည့် ပထမဆုံး စကားစစ်ထိုးပွဲ၌ ဘိုင်ဒန်၏ ပြိုင်ဘက်ဖြစ်သော သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်း၏ ထုံးစံအတိုင်း လေလုံးထွားပြောဆိုမှုများ၊ မုသားစကားများဖြင့် ဘိုင်ဒန်ကို ဝေဖန်ထိုးနှက်ခဲ့ခြင်းဖြစ်သည်။ 

ထိုစကားစစ်ထိုးပွဲတွင် ဘိုင်ဒန်သည် စကားထစ်ခြင်း၊ အသံဝင်သွားခြင်းတို့ဖြစ်ခဲ့ပြီး ထရမ့်၏ ဝေဖန်ထိုးနှက် ချက်များကို ကောင်းမွန်စွာ ချေပပြောဆိုနိုင်ခဲ့ခြင်း မရှိသဖြင့် ဒီမိုကရက်များအကြား ဝေဖန်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

"ဘိုင်ဒန် အနေနဲ့ စကားစစ်ထိုးပွဲ မတိုင်ခင်မှာ ပြည့်ပြည့်ဝဝ အနားယူဖို့ ကျနော် သေချာပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ကိုကြည့်ရတာ အားမရှိဘဲ ပင်ပန်းနွမ်းနယ်နေပုံပါပဲ။ သူကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး" ဟု စကားစစ် ထိုးပွဲတွင် အထိမနာစေရန် ဘိုင်ဒန်၏ ထိပ်သီးလက်ထောက်များကို အကြံပြုခဲ့သည့် အမည်မဖော်လိုသူတစ်ဦးက  ပြောကြားခဲ့သည်။

"သူ့ကို အခုလို လူမမာပုံစံမျိုးနဲ့ စကားစစ်ထိုးတဲ့ စင်မြင့်ပေါ် တက်ခွင့်ပေးလိုက်တာဟာ တော်တော်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် ဘိုင်ဒန်အနေဖြင့် မဲဆန္ဒရှင်များကို ပိုမိုဆွဲဆောင်နိုင်ရန်နှင့် ထောက်ခံမဲများကို လုံလောက်စွာ ရရှိနိုင်ရန် ပြင်ဆင်မှုများကို ပိုမိုအာရုံစိုက်သင့်ကြောင်း၊ စကားစစ်ထိုးပွဲများ မတိုင်မီ လုံလောက်စွာ အနားယူရန် လိုအပ် ကြောင်း ဝေဖန်သူများက ထောက်ပြခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

ထိုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဘိုင်ဒန်၏ လက်ထောက်တစ်ဦးက ဘိုင်ဒန်သည် စကားစစ်ထိုးပွဲ ပြုလုပ်သည့် အချိန်၌ အနည်းငယ် အအေးမိနေဖွယ်ရှိကြောင်း၊ သူသည် မကြာခဏ အအေးမိတတ်ကြောင်း ပြောကြားခဲ့ကာ ဝေဖန်မှုကို ခုခံကာကွယ်ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကထက် စကား စစ်ထိုးပွဲများမှာ အသာစီးရရှိရန် ပြင်ဆင်ထားဖွယ် ရှိသည်ဟုလည်း ဘိုင်ဒန်၏ ထောက်ခံသူများက ယူဆထား သည်။

ဒေါ်နယ်ထရမ့်သည် ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲ ကျင်းပရန် ရက်အနည်းအငယ်အလို ပထမဆုံး စကားစစ်ထိုး ပွဲတွင် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်တိုင် စကားစစ်ထိုးပွဲကို  တက်ရောက်ခဲ့မှု အပါအဝင် စည်းကမ်းချိုးဖောက်မှုများ ရှိခဲ့သည်။ 

Source: ရိုက်တာ