CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၆

ဇူလိုင် ၁၂ ရက်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ မဲဆွယ်စည်းရုံးပွဲတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ၎င်း၏ ရွေးကောက်ပွဲပြိုင်ဘက် ထရမ့်တို့က စည်းလုံးညီညွတ်မှုအကြောင်းကို အလေးထား ပြောဆိုခဲ့ကြသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့ သည်။ 

အမေရိကန်ပြည်သူများ အနေဖြင့် နိုင်ငံရေးအရ စိတ်သဘောထား ကွဲလွဲမှုများ ဘေးချိတ်ပြီး စည်းစည်းလုံးလုံး နေထိုင်ကြရန် ဘိုင်ဒန်နှင့် ထရမ့်တို့က တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်။ 

ဇူလိုင် ၁၄ ရက်ညက အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် ၆ မိနစ်ခွဲကြာမြင့်သည့် မိန့်ခွန်းအတွင်း ဘိုင်ဒန်က နိုင်ငံရေး အကြမ်းဖက်မှုသည် ပုံမှန်အခြေအနေကို ပြန်ဖြစ်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ နိုင်ငံရေး အမုန်းတရားများ မြင့်တက်လာချိန်တွင် အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ရန် အမေရိကန်ပြည်သူအားလုံး၌ တာဝန်ရှိ ကြောင်း ပြောကြားခဲ့သည်။

"အမေရိကန်ကို ဒီလမ်းကြောင်းအတိုင်း နိမ့်ဆင်းသွားဖို့ ကျနော်တို့ အဖြစ်မခံနိုင်၊ အဖြစ်မခံရပါဘူး။ ကျနော်တို့ တွေဟာ အရင်က ကျနော်တို့ရဲ့ သမိုင်းတစ်လျှောက် လျှောက်လှမ်းခဲ့တဲ့ လမ်းပေါ်မှာပဲ လျှောက်ခဲ့ကြတာပါ။ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ပါဘူး" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဘိုင်ဒန်က ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များအကြားတွင် မတူကွဲပြားမှုများရှိကြောင်း ဝန်ခံခဲ့ပြီး နိုင်ငံရေး အရ သဘောထား မတိုက်ဆိုင်မှုများကို မဲရုံများတွင်သာ အမြဲတမ်း အဖြေရှာခဲ့ကြကြောင်း ပြောကြားခဲ့သည်။ 

 မဲဆွယ်ပွဲမှာ ထရမ့် သေနတ်နဲ့ပစ်ခံရစဉ်

ထရမ့်ကလည်း ဇူလိုင် ၁၃ ရက်တွင် Washington Examiner သတင်းနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်တွင် မဲဆွယ် စည်းရုံးပွဲအတွင်း ၎င်း ပစ်ခတ်ခံရသည့် ဖြစ်စဉ်သည် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးအတွက် စည်းလုံးညီညွတ်စေမည့် အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ထရမ့်က အမှန်တရားသည် စတင် အကောင်အထည် ပေါ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်က ၎င်း၏ နောက်ထပ် မဲဆွယ်စည်းရုံးပွဲတွင် ပြောကြားမည့် မိန့်ခွန်းသည် ယခင်က ပြောကြားရန် စီစဉ်ထားသည့် မိန့်ခွန်းနှင့် ကွဲပြားခြားထားလိမ့်မည် ဖြစ်ကြောင်းလည်း Washington Examiner ကို ပြောကြားခဲ့ သည်။

ထရမ့်သည် ဇူလိုင် ၁၂ ရက်က ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်၊ ဘတ်တလာ (Butler) မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး နားရွက်မှာ ဒဏ်ရာရသွားခဲ့သည်။

ထို့နောက် ၎င်းအား ပစ်ခတ်သည့် သေနတ်သမားကို Secret Service အဖွဲ့က အသေ ပစ်ခတ်ဖမ်းဆီးခဲ့သည်။

Source: အယ်လ်ဂျားဇီးယား