CNI International News

အစ္စလာမ်မာဘက်၊ ဇူလိုင် ၁၆

ပါကစ္စတန်အစိုးရ၏ ပြောကြားချက်များအရ ပါကစ္စတန်တွင် ဘာသာရေး လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး မေးခွန်း ထုတ်ခံနေရသည်။

ပါကစ္စတန်အစိုးရသည် နိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အဓိပ္ပာယ်နှစ်မျိုးထွက်သည့် ပြောကြားချက်များကို ပြောဆိုနေသည်ဟု Bitter Winter သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဥပမာအနေဖြင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပါကစ္စတန်နိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့် မရှိကြောင်း ပြောဆိုခဲ့သည့် အမေရိကန်၏ ပြောဆိုချက်ကို ငြင်းပယ်ခဲ့ချိန်တွင် ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ဌာနကမူ နိုင်ငံအတွင်း ဘာသာရေး လူနည်းစုများသည် ဘေးကင်းလုံခြုံမှုမရှိကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ် ထုတ်ပြန်ချက် တွင် ပါကစ္စတန်ကို ကမ္ဘာပေါ်တွင် ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်သည့် အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။

အဓိကရုန်းဖြစ်နေစဉ်

ထိုထုတ်ပြန်ချက်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း ဝေဖန်ခဲ့ပြီး အမေရိကန်သည် ပါကစ္စတန် အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့် မြင့်တက်စေရန် ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှုထားသည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မမ်တက်ဇ် ဇာရာ ဘာလို့ချ် (Mumtaz Zahra Baloch) က ပြောကြားခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေးကို မြှင့်တင်နေမှုကိုလည်း အထောက်အကူ မပေးကြောင်း ၎င်းက ပြောသည်။

ရက်အနည်းငယ် အကြာတွင်မူ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ် (Khawaja Asif) က နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်နှင့် ဆန့်ကျင်ကွဲလွဲသည့် ပြောကြားချက်ကို ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်တွင် ဘာသာရေးကို အကြည်ညိုဖျက်မှုဖြင့် စွပ်စွဲခံရသူများကို အုပ်စုလိုက် ဝိုင်းဝန်းသတ်ဖြတ်သည့် ကိစ္စများနှင့်ပတ်သက်ပြီး အမျိုးသာလွှတ်တော်၌ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က မိန့်ခွန်း ပြောကြားသည်။

ပါကစ္စတန်အမျိုးသမီးတစ်ဦး ဘာသာရေးပွဲတစ်ခုမှာတွေ့ရစဉ်

ထိုသို့ မိန့်ခွန်းပြောကြားခဲ့ချိန်တွင် အာဆစ်ဖ်က "နေ့စဉ်နေ့တိုင်း လူနည်းစုတွေဟာ အသတ်ခံ နေရပါတယ်။ သူတို့ဟာ အစ္စလာမ်ဘာသာဝင်အဖြစ် အယောင်ဆောင်ထားသူတွေရဲ့ လက်ထဲမှာ ဘေးကင်းလုံခြုံမှု မရှိပါဘူး။ ပါကစ္စတန်ဟာ နိုင်ငံတကာမှာ မျက်နှာပျက်နေရပါတယ်။ ပါကစ္စတန်မှာ ဂိုဏ်းဂဏ ကွဲပြားတဲ့ မွတ်ဆလင် လူနည်းစုတွေဟာ ဘေးကင်းလုံခြုံမှု မရှိပါဘူး။ ဒါဟာ ရှက်ဖို့ကောင်းပါတယ်" ဟု ကာကွယ်ရေးဝန်ကြီး အာဆစ်ဖ်က ပြောကြားခဲ့သည်။

ထို့ပြင် ပါကစ္စတန်တွင် ဆွန်နီ (Sunni) မွတ်ဆလင်များက ၉၀ ရာခိုင်နှုန်းရှိပြီး ရှီးယိုက် (Shiites) မွတ်ဆလင် များက ၁၀ ရာခိုင်နှုန်းရှိကာ အာမက်ဒီ (Ahmadis) ဘာသာဝင်များကိုမူ ပါကစ္စတန်ဥပဒေအရ မွတ်ဆလင် မဟုတ်သူများအဖြစ် သတ်မှတ်ထားသည်။

ထို့ပြင် ဘာသာရေး အသရေဖျက်မှုဖြင့် စွပ်စွဲသတ်ဖြတ် ခံရသူအများစုသည် ဘာသာရေးကြောင့် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ရန်ငြှိုးရန်စများကြောင့် သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟုလည်း အာဆစ်ဖ်က ပြောကြားခဲ့သည်။

Source: Bitter Winter