CNI International News

အစ္စလာမ္မာဘတ်၊ ဩဂုတ် ၃၁

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လ အလယ်ပိုင်းကတည်းက လူပေါင်း ၁,၁၆၀ ကျော် စံချိန်တင် သေဆုံးခဲ့ရသည့် ရေကြီးမှုများကြောင့် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ သန်း ၁၆၀ ပေးအပ်ရန်အတွက် ကုလသမဂ္ဂ (UN) နှင့် ပါကစ္စတန်တို့က ဩဂုတ် ၃၀ ရက်တွင် မေတ္တာရပ်ခံခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မကြုံစဖူး မုတ်သုံမိုးရွာသွန်းမှု သည်းထန်လွန်းခြင်းကြောင့် ပေါ်ပေါက်လာ သော ပါကစ္စတန်ရေဘေးသည် ရာသီဥတုပြောင်းလဲမှု ပြဿနာအပေါ် အရှိန်မြှင့် ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာကို အချက်ပြလိုက်ခြင်းဖြစ်ကြောင်း UN အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။

“ရာသီဥတုဖောက်ပြန်လို့ ကျနော်တို့ ကမ္ဘာဂြိုဟ်ဟာ ပျက်စီးတဲ့ဆီကို ဦးတည်နေပါပြီ။ ကျနော်တို့ အိပ်မောကျ၊ တွေဝေငိုက်မြည်းပြီး လျှောက်လှမ်းနေတာတွေ ရပ်လိုက်ကြပါစို့။ ဒီနေ့ ပါကစ္စတန်ဆိုရင် မနက်ဖြန် ခင်ဗျားတို့ နိုင်ငံ ဖြစ်လာနိုင်တယ်” ဟု အစ္စလာမ္မာဘတ်မြို့တွင် ကျင်းပသည့် ရန်ပုံငွေ မေတ္တာရပ်ခံရေး အခမ်းအနားသို့ ပေးပို့သော ဗွီဒီယိုမက်စ်ဆေ့ချ်တွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။

UN အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (GETTY IMAGES)

ဂူတာရက်စ်သည် လာမည့် စက်တင်ဘာ ၉ ရက်တွင် မကြုံစဖူး ရာသီဥတု ကပ်ဆိုးကြောင့် ထိခိုက်မှု အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ဒေသများသို့ သွားရောက်လေ့လာမည်ဟု UN ပြောခွင့်ရသူ စတီဖင်ဒူဂျာရစ် (Stephane Dujarric) က ဩဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

UN အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် ဂူတာရက်စ်သည် အိုးမဲ့အိမ်မဲ့ မိသားစုများနှင့် တွေ့ဆုံပြီး UN ဝန်ထမ်းများ၊ လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များအနေဖြင့် အကူအညီ ပေးအပ်ရန် မည်သို့ ကြိုးစားနေ ကြောင်း သက်သေပြသွားမည်ဟု ဒူဂျာရစ်က ဆက်လက် ပြောကြားခဲ့သည်။

စီးပွားရေး ပြန်လည်နာလန်ထူဖို့ မနည်းအားယူနေရသော ပါကစ္စတန်နိုင်ငံတွင် ရေဘေးကြောင့် ထိခိုက်ခဲ့ရသူပေါင်း ၃၃ သန်းကျော် (သို့မဟုတ်) နိုင်ငံသား ၇ ဦးတွင် တစ်ဦး ရေဘေးခံစားခဲ့ရသဖြင့် ပိုမိုအထိနာစေခဲ့သည်။

ရေဘေးသင့်နေသော ပါကစ္စတန် (AP)

ပြီးခဲ့သည့် ၂ လခွဲအတွင်း အိမ်ခြေ ၁ သန်းကျော် ပျက်စီးခဲ့ရပြီး လူပေါင်းသန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူများအနက် တစ်သန်းခွဲခန့်မှာ ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားကြသော်လည်း အချို့မှာ ကိုယ်ထူကိုယ်ထ အမိုးအကာ ရရှိရေး ကြိုးစားရှာဖွေနေရသည်။

ရေကြီးရေလျှံမှုကြောင့် ကောက်ပဲသီးနှံများ ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး စားနပ်ရိက္ခာ ပြတ်လပ်မှု မဖြစ်ပွားအောင် မိမိတို့ အစိုးရအနေဖြင့် ဂျုံတင်သွင်းရန် စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ် (Shahbaz Sharif) က ပြောကြားခဲ့သည်။

ပါကစ္စတန်သည် နိုင်ငံ့သမိုင်းတလျှောက် အဆိုးဆုံး ရေဘေးနှင့် မျက်မြင်ဒိဋ္ဌ ကြုံတွေ့နေရကြောင်း၊ ဒုက္ခသည်များ ကူညီရေးအတွက် နိုင်ငံတကာဘက်မှ မရည်ရွယ်ပါဘဲနှင့် ကြန့်ကြာခဲ့လျှင် ပါကစ္စတန် ပြည်သူများအတွက် ဝမ်း နည်းစရာ ကောင်းလိမ့်မည်ဖြစ်ကြောင်း ရှာဘတ်ရှရစ်ဖ်က ဆက်လက် ပြောကြားခဲ့သည်။

Source: AP