CNI International News

လန်ဒန်၊ ဩဂုတ် ၁၁

အကယ်၍ ကမ္ဘာ့အကြီးဆုံး ရေခဲပြင်မှာ ကမ္ဘာ့အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ထက် ပိုတက်လာပါက ရာစုနှစ်များစွာအတွင်း ပင်လယ်ရေမျက်နှာပြင် မီတာများစွာ မြင့်တက်လာနိုင်သည်ဟု ဩဂုတ် ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် ဗြိတိန်နိုင်ငံမှ သုတေသန လေ့လာမှုတစ်ခုတွင် တွေ့ရှိရကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ၊ ဒါဟမ် (Durham) တက္ကသိုလ်မှ သုတေသီများက ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဆက်လက် မြင့်မားနေပါက အန္တာတိကတိုက်၏ ရေခဲလွှာ (EAIS) အရည်ပျော်မှုသည် ၂၁၀၀ ပြည့်နှစ် အရောက်တွင် ပင်လယ်ရေမျက်နှာ ပြင် မီတာထက်ဝက်နီးပါး မြင့်တက်လာနိုင်ကြောင်း ကောက်ချက်ချခဲ့သည်။

အဆိုပါ ကောက်ချက်ကို သဘာဝသိပ္ပံပညာဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ ထို့ထက် ကျော်လွန်၍ ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်မားနေမည်ဆိုလျှင် အန္တာတိကရေခဲလွှာကြောင့် ကမ္ဘာ့ပင်လယ် ရေမျက်နှာပြင်သည် သက္ကရာဇ် ၂၃၀၀ နှင့် ၂၅၀၀ အရောက်တွင် ၂ မီတာမှ ၅ မီတာအထိ မြင့်တက်လာစေဖို့ သက်ရောက်မှုရှိနိုင်သည်ဟု သုတေသီများက ဆက်လက် ပြောကြားခဲ့သည်။

သို့သော် ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာ လျော့ကျသွားခဲ့လျှင်လည်း အန္တာတိကရေခဲလွှာ ပျော်ဝင်မှုကြောင့် ပင်လယ် ရေမျက်နှာပြင်သည် ၂၁၀၀ ပြည့်နှစ် အရောက်တွင် ၂ စင်တီမီတာ မြင့်တက်လာနိုင်သည်ဟု ၎င်းတို့၏ အကဲဖြတ်ချက်အရ သိရသည်။

ထိုပမာဏသည် ဂရင်းလန်းနှင့် အန္တာတိကတိုက် အနောက်ပိုင်းတို့မှ မျှော်လင့်ထားသည့် ရေခဲများ ဆုံးရှုံးမှုထက် အဆပေါင်း များစွာ လျော့နည်းမည် ဖြစ်သည်။

 

“ကျနော်တို့ သုတေသန လုပ်ငန်းကနေ အဓိက ကောက်ချက်ကတော့ အ

ရေခဲပြင် အရည်ဖျော်မှု (GETTY IMAGES)

ရှေ့အန္တာတိကရေခဲလွှာရဲ့ ကံကြမ္မာဟာ ကျနော်တို့ လက်ထဲမှာပဲ ရှိနေတုန်းပါ” ဟု ဒါဟမ်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ အစီရင်ခံစာ ဦးဆောင်ပြုစုသူ ခရစ္စစတုတ်က ပြောကြားခဲ့ သည်။

“ဒီရေခဲလွှာဟာ ပင်လယ်ရေမျက်နှာပြင် ၅၂ မီတာနဲ့ညီမျှပြီးတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေခဲလွှာ ဖြစ်ပါတယ်။ ဒီလိုမျိုး သူ့ဘာသာသူ အိပ်စက်နေတဲ့ ဧရာမရေခဲကို သွားပြီး မနှိုးမိဖို့က တကယ့်ကို အရေးကြီးတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ ရာသီဥတု ဆိုင်ရာ သဘောတူညီချက်မှာ သတ်မှတ်ထားတဲ့အတိုင်း ကမ္ဘာ့အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အောက်ကို တိုးလာမှုကို ကန့်သတ် ဖို့ပါ။ အဲဒီလို ကန့်သတ်လိုက်ပါမှ အဆိုးဆုံး အခြေအနေတွေကို ရှောင်ရှားဖို့ (ဒါမှမဟုတ်) အရှေ့အန္တာတိက ရေခဲလွှာတွေ အရည်ပျော်တာတွေကို ရပ်တန့်စေခဲ့တယ်။ ဒါကြောင့် ကမ္ဘာ့ပင်လယ်အပေါ် သက်ရောက်မှုတွေကို ဆက်ပြီး ကန့်သတ်ထား သင့်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုးဆုံး အခြေအနေများသည် “အလွန်ဖြစ်နိုင်ခြေရှိနေသည်”ဟု ယခု သုတေသန ဆန်းစစ်ချက်က ထောက်ပြထားသည်။

ကမ္ဘာကြီး ပူနွေးလာမှုကို ၂ ဒီဂရီစင်တီဂရိတ်အောက်သို့ လျှော့ချရန်နှင့် အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်အထိ တက်လာမှုကို ကန့်သတ် ထိန်းချုပ်ရန်အတွက် ကမ္ဘာ့ခေါင်းဆောင်များက ပါရီမြို့တွင် ၂၀၁၅ ခုနှစ်၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် သဘောတူညီခဲ့ကြသည်။

ဗြိတိန်၊ ဩစတြေးလျ၊ ပြင်သစ်နှင့် အမေရိကန်တို့မှ သိပ္ပံပညာရှင်များ ပါဝင်သော ယခု သုတေသနအဖွဲ့သည် ကမ္ဘာ့ရေခဲလွှာ ၏ ခန့်မှန်းချက်များကို ပြုလုပ်ရင်းဖြင့် ယခင်က ပူနွေးသော အချိန်များကို မည်သို့ တုံ့ပြန်ဖြေရှင်းခဲ့သည်ကိုပါ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခဲ့သည်။

Source: AFP