CNI International News

ဘန်ကောက်၊ ဇွန်လ ၁၂

Move Forward ပါတီအား ဖျက်သိမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို အဆိုပြုပေးရန် ရွေးကောက်ပွဲကော်မရှင်(EC)ကို တောင်းဆိုသည့် တိုင်ကြားချက် လေးခုသည် လုံလောက်သော အထောက်အ ထား မရှိဟုဆိုကာ ထိုင်းနိုင်ငံရေးပါတီများ မှတ်ပုံတင်အရာရှိက ပယ်ချခဲ့သည်ဟု Thai PBS သတင်းမှ ဖော်ပြခဲ့ သည်။ 

ပထမဆုံး တိုင်ကြားချက်တွင် Move Forward ပါတီ၏ ကိုယ်စားလှယ် ပါဒီပတ် ဆန်တီပါဒါ (Padipat Suntiphada) ၏ ယခုနှစ် မေလ ၅ ရက်နေ့က ဖစ်ဆနူလွတ် (Phitsanuloke) မြို့ မဲဆွယ်မှုတွင် ဘုရင်စနစ်နှင့် ပတ်သက်၍ စော်ကားပြောဆိုခြင်းသည် ရွေးကောက်ပွဲ မဲဆွယ်မှု သတ်မှတ်ချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲ ထားသည်။ 

ဒုတိယနှင့်တတိယ တိုင်ကြားချက်များတွင် Move Forward ပါတီသည် တော်ဝင်မိသားစုများနှင့် သက်ဆိုင်သည့် ဥပဒေ သို့မဟုတ် ပုဒ်မ ၁၁၂ ကို ဖျက်သိမ်းရေးမူဝါဒရှိသည်ဟု စွပ်စွဲထားသည်။ ထိုဥပဒေအရေးနှင့် ပတ်သက်၍  ပါတီ၏ ရပ်တည်ချက်အပေါ် အတည်ပြု ပြောဆိုထားသော ပါတီခေါင်းဆောင် ပီတာလင်ဂျာ ရိုရန်ရတ် (Pita Limjaroenrat)၊Move Forward ပါတီ၏ အမှုဆောင်အဖွဲ့ဝင် အမာရတ် ချိုစ်ပါမီကူလ် (Amarat Chokepamitkul) တို့၏ ထုတ် ပြန်ချက်တို့ကို ကိုးကားပြီး ထိုသို့ စွပ်စွဲခဲ့ခြင်းဖြစ်သည်။ 

 EC ၏ အထွေထွေအတွင်းရေးမှူး ဆာဝန်း ဘွန်မီးကို တွေ့ရစဉ်

နောက်ဆုံး တိုင်ကြားချက်တွင် ပါတီသည် Progressive Movement ပါတီ၏ ခေါင်းဆောင်များအား ပါတီအပေါ်  လွှမ်းမိုးရန် ခွင့်ပြုပေးထားခြင်းကြောင့် လွတ်လပ်ခွင့်ကို ထိခိုက်စေသည်ဟု စွပ်စွဲထားသည်။ 

EC နှင့်နီးစပ်သည့် သတင်းရင်းမြစ် တစ်ခုအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ အရာရှိအဖြစ် ဆောင်ရွက် နေသည့် EC ၏ အထွေထွေအတွင်းရေးမှူး ဆာဝန်း ဘွန်မီး (Sawaeng Boonmee) က Move Forward ပါတီ သည် စွပ်စွဲထားသည့်အတိုင်း ကျူးလွန်ထားခြင်း ရှိသည်ဟု ၎င်းကိုယုံကြည်စေရန် လုံလောက်သော သက်သေ အထောက်အထား မရှိဟု ယူဆကာ တိုင်ကြားချက်များကို ပယ်ချခဲ့သည်ဟု ပြောသည်။ 

 Move Forward ပါတီ၏ အမှုဆောင်အဖွဲ့ဝင် အမာရတ် ချိုစ်ပါမီကူလ်ကို တွေ့ရစဉ်

ထိုလေးခုအပြင် ၂၀၂၀ ခုနှစ်နောက်ပိုင်း ပါတီများအား ဖျက်သိမ်းပေးရန် တောင်းဆိုမှုပေါင်း ၈၃ ခုရှိခဲ့ပြီး ယင်းတို့မှ ၆၁ ခုကို အထောက်အထား ခိုင်လုံမှု မရှိဟုယူဆကာ ပယ်ချခဲ့ပြီး ဖြစ်သည်။ 

လက်ရှိအချိန်တွင် တိုင်ကြားချက် ၆ ခုကိုသာလျှင် မှတ်ပုံတင် အရာရှိ၏ စဉ်းစားမှုအတွက် ဆိုင်းငံ့ထားသည်ဟု သိရသည်။ 

Source: Thai PBS