CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ ရီးရယ်လ်အသင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ထံ တရားဝင်တိုင်ကြားဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ခေါ်ယူချင်တဲ့ သူတို့ရဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်း မရှိပါဘူး။ 

ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားတာကြောင့် အခုရာသီအကုန် မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။ 

ပြင်သစ်ကလပ်က ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိထားတယ်လို့ ယုံကြည်နေတာကြောင့် ဖီဖာထံ တရားဝင် တိုင်ကြားနိုင်ဖို့ စီစဉ်နေတယ်လို့ The Telegraph က ဖော်ပြထားတာ ပါ။

ဘတ်ပီ လေ့ကျင့်ခန်းလုပ်နေစဉ်

ရီးရယ်လ်နဲ့ ဘတ်ပီတို့ဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့တယ်ဆိုရင် ဖီဖာရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်တယ်လို့ သိရပါတယ်။ 

ရီးရယ်လ်အသင်း အနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ခွင့်ပြုချက်မရဘဲ ကစားသမားကို ချဉ်းကပ်တာဟာ စည်းမျဉ်း ချိုးဖောက်ရာ ရောက်တဲ့အတွက် ပြင်သစ်ကလပ်က ဒါကို တိုင်ကြားဖို့ စီစဉ်နေတာပါ။ 

ပီအက်စ်ဂျီအသင်းဟာ အခုအပြောင်းအရွှေ့မှာ ဘတ်ပီကို ရောင်းချဖို့ ကြိုးစားနေပြီး ဆော်ဒီကလပ် အယ်လ်ဟီ လယ်အသင်းရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို လက်ခံခဲ့ပါတယ်။

ဒါပေမယ့် ဘတ်ပီဟာ ဆော်ဒီကလပ်နဲ့ စကားပြောဖို့ ငြင်းဆန်ခဲ့တာကြောင့် စာချုပ်ကုန်ဆုံးချိန်မှာ ရီးရယ်လ် အသင်းထံ ပြောင်းဖို့ကို ပီအက်စ်ဂျီအသင်းက ပိုပြီး ယုံကြည်လာခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အခုရာသီအကုန်မှာ အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် မရောင်းချနိုင်ခဲ့ရင် တောင် အငှားနဲ့ ထွက်ခွာခွင့်ပေးပြီး အငှားကြေး ရယူဖို့အထိ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကို ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီး အသင်းတို့ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ ပီအက်စ်ဂျီအသင်းမှာသာ ရာသီအကုန်ထိ ဆက်ရှိဖို့ ဆုံးဖြတ်ထားတာပါ။ 

ပီအက်စ်ဂျီအသင်းဟာ မကြာသေးခင်က အာရှခရီးစဉ်သွားခဲ့တဲ့ အသင်းလူစာရင်းမှာ တိုက်စစ်မှူး ဘတ်ပီကို ချန်လှပ်ခဲ့ပြီး သူ့ကို အသင်းမှာ အသုံးမပြုတော့ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၂၆၀ ပါဝင် ကစားထားပြီး ၂၁၂ ဂိုးသွင်းယူကာ ပြည်တွင်း ဆုဖလား  အများအပြား ရယူထားနိုင်ခဲ့ပါတယ်။

Source: Daily Mail