CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉
ပီအက်စ်ဂျီအသင်းဟာ အိမ်ကွင်း အပြင်ဘက်မှာ ကပ်ထားတဲ့ ဘတ်ပီရဲ့ ပိုစတာကို ဖယ်ရှားလိုက်သလို ပဲရစ်ရှိ ကလပ်အသင်းဆိုင်တွေမှာ ဘတ်ပီနာမည်ပါဝင်တဲ့ အင်္ကျီတွေကို မရောင်းတော့ဘူးလို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြာထားပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့ပြီး စာချုပ်ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားတာပါ။
ပီအက်စ်ဂျီအသင်းကတော့ ပြင်သစ်တိုက်စစ်မှူးကို အလွတ်နဲ့ ဆုံးရှုံးရမှာထက် ပြောင်းရွှေ့ကြေး ရယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ကစားသမားနဲ့ အသင်းအကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေပြီး ရာသီကြို ခရီးစဉ် လူစာရင်းက နေ ချန်လှပ်ခံခဲ့ရပါတယ်။
ဒါ့အပြင် ပထမအသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ဖို့ ပိတ်ပင်ထားပြီး ရောင်းချမယ့် ကစားသမားတွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့တာပါ။
ဘတ်ပီရဲ့ ရုပ်ပုံကို ဖယ်ရှားနေစဉ်
အခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းဟာ အိမ်ကွင်းအပြင်ဘက်မှာ ကပ်ထားတဲ့ ဘတ်ပီရဲ့ ကြီးမားတဲ့ပိုစတာကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဲရစ်ရှိ ကလပ်ဆိုင်တွေမှာလည်း ဘတ်ပီ နာမည်ပါဝင်တဲ့ အင်္ကျီတွေကို မတွေ့ခဲ့ရဘူးလို့ Gol က ဖော်ပြထားတာပါ။
ဘတ်ပီဟာ စာချုပ်ကုန်ဆုံးချိန်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပေမယ့် ပီအက်စ်ဂျီ အသင်းက ကစားသမားအတွက် သူတို့ရဲ့ တန်ကြေး ယူရိုသန်း ၂၅၀ ကို ပြန်လည် ရယူချင်နေတာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ စာချုပ်ကုန်ဆုံးချိန်အထိ ပီအက်စ်ဂျီအသင်းမှာ ကစားပြီး အောင်မြင်မှုတွေ ရယူချင်တယ်လို့ ပြောထားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက အလွတ်နဲ့ အဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ သတိပေးထားတာပါ။
ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ သြဂုတ် ၁၃ ရက်မှာ အဖွင့်ပွဲစဉ်အဖြစ် လော်ရီးယန့်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဘတ်ပီမပါဝင်တဲ့ ပြင်သစ်ကလပ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Source: Goal