CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၉

၂၀၂၃-၂၄ ရာသီသစ် မစတင်ခင်မှာ လီဗာပူးလ်အသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး သံသယရှိနေတာကို နားလည်တယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြောလိုက်ပါတယ်။

ဗန်ဒိုက်က “ပရိသတ်တွေရဲ့ အဆိုးမြင်နေတဲ့အပေါ် သေချာပေါက် နားလည်နိုင်ပေမယ့် ကျနော်ကတော့ အရမ်းကြီး အဆိုးမြင်နေတဲ့သူ မဟုတ်ပါဘူး။ အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့အသင်းမှာ ကစားသမားတွေ အများကြီး ထွက်ခွာသွားကြပါတယ်။ အသင်းခေါင်းဆောင်ရော၊ ဒုအသင်းခေါင်းဆောင်ပါ ထွက်ခွာသွားခဲ့သလို ကစားသမားသစ် ခေါ်ယူမှု ၂ ဦးပဲ ရှိပါသေးတယ်။ ကျနော်တို့ရဲ့ ကစားပုံတွေက ကောင်းပေမယ့် ခံစစ်ပိုင်းကတော့ ဂိုးတွေခွင့်ပြုနေရလို့ မကောင်းပါဘူး။ အဲ့ဒါကြောင့် လူတချို့ရဲ့ သံသယဖြစ်တာကို ကျနော်နားလည်နိုင်ပါတယ်”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ အခုရာသီသစ် မစတင်ခင်မှာ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ မီလ်နာ၊ ဖာမီနို၊ ကီတာနဲ့ ချိန်ဘာလိန် တို့ ထွက်ခွာသွားခဲ့ပေမယ့် မက်အယ်လစ္စတာနဲ့ ဆာဘော့ဇ်လိုင်းတို့ကိုသာ ခေါ်ယူထားတာ ဖြစ်ပါတယ်။

အန်ဖီးလ်ကလပ်ဟာ ကွင်းလယ်ပိုင်း လိုအပ်ချက်တွေအတွက် ဆောက်သမ်တန်အသင်းက လာဗီးယားကို ခေါ်ယူဖို့ ၃ ကြိမ်အထိ ကမ်းလှမ်းခဲ့ပေမယ့် ချန်ပီယံရှစ်ကလပ်က ပယ်ချခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ လာဗီးယားအတွက် နောက်ထပ်ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဗန်ဒိုက်က လီဗာပူးလ် ကစားသမားတွေဟာ ဒီရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။

ဗန်ဒိုက်က “ကျနော်တို့ အနားမှာရှိတဲ့ အသင်းတွေကို ကြည့်လိုက်မယ်ဆိုရင် အလွန်ခက်ခဲမှာ ဖြစ်ပေမယ့် ကျနော် တို့ဟာ ချန်ပီယံဆုအတွက် စိန်ခေါ်မှုတွေကို ထပ်ပြီး ပြုလုပ်ချင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အတွက်လည်း ကျနော်တို့ ဟာ ယုံကြည်မှု အပြည့်ရှိရမှာပါ။ ဒါက အလွန်ကောင်းမွန်တဲ့ စိန်ခေါ်မှုဖြစ်တဲ့အတွက် ကျနော် စိတ်လှုပ်ရှားနေပါ တယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ သြဂုတ် ၁၃ ရက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: BBC