CNI Sport News

၂၀၂၆ ခုနှစ်၊ မေ ၇

လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ပြီး တစ်နှစ် မပြည့်မီမှာ ပြန်လည်ထွက်ခွာဖို့ သဘောတူခဲ့ပါတယ်။ 

ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ လီဗာပူးလ်အသင်းကနေ ကနဦးပေါင် ၄၆ သန်းနဲ့ အယ်လ်ဟီလယ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ 

ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဖလားရယူနိုင်ခဲ့တာမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ရှိခဲ့ပေမယ့် မာဆေးဆိုဒ်မှာ သူ့ရဲ့အချိန်တွေဟာ စိတ်ပျက်စရာ တွေကြုံတွေ့ခဲ့ရပါတယ်။ 

အဲဒါကြောင့် ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့ရပြီး ပထမရာသီဝက်မှာ ခြေစွမ်းကောင်း တွေပြသနိုင်ခဲ့ပေမယ့် ဒုတိယရာသီဝက်မှာတော့ အသင်းထံ ရောက်ရှိလာတဲ့ ဘန်ဇီမာကို နေရာပေးဖို့ လူစာရင်း ကနေ ဖယ်ထုတ်ခြင်းခံခဲ့ရပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ဖေဖော်ဝါရီလကတည်းက အယ်လ်ဟီလယ်အသင်းအတွက် ကစားရခြင်းမရှိတော့တာပါ။ 

ဥရုဂွေးသတင်း Referi က ဒါဝင်နူနက်ဇ်ဟာ ဒီရာသီကုန်မှာ ထွက်ခွာဖို့ အယ်လ်ဟီလယ်အသင်းနဲ့ သဘော တူညီမှုရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်တာကြောင့် ပွဲကစားချိန်ပိုပြီးရနိုင်မယ့် အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ 

ဒါဝင်နူနက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းအတွက် အသင့်ဖြစ်နေအောင် လေ့ကျင့်မှုတွေကို အကောင်းဆုံးပြုလုပ်နေပါတယ်။ 

ချယ်လ်ဆီးနဲ့ဂျူဗင်တပ်စ်အသင်းတို့ရဲ့ချိတ်ဆက်မှုခံနေရတဲ့ ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းအတွက် ၂၄ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ 

Source:Mirror