CNI International News

ကိယတ်ဗ်၊ ဇွန်လ ၁၂

နိုင်ငံအရှေ့တောင်ပိုင်းရှိ ကျေးရွာတစ်ခုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ယူကရိန်းစစ်တပ်က ဇွန်လ ၁၁ ရက် က ကြေညာခဲ့ပြီး ထိုဧရိယာတွင် ယူကရိန်းတို့၏ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သည်ဟု ရုရှားဘက်ကလည်း  ကြေညာခဲ့ကြောင်း အေပီမှ ရေးသားခဲ့သည်။

ရုရှားတို့ သိမ်းပိုက်ထားရာ ဧရိယာများမှ ရေဘေးသင့်နေသူများကို ကယ်ဆယ်လာသည့် လှေတစ်စင်းအား ရုရှား တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လူ ၆ ဦးဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ယူကရိန်းသမ္မတ ဇာလန်းစကီးက အကြံပေး တစ်ဦးမှ ပြောသည်။ 

ထိုကဲ့သို့ ယူကရိန်း၏ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများမှ မတည်ငြိမ်မှုများ၊ တိုက်ပွဲများသည် ၁၆ လ အတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော ရုရှား၏ ကျူးကျော်စစ်ကာလအတွင်း ထပ်မံ ပေါ်ပေါက်လာသည့် က သောင်းကနင်း ဖြစ်မှုများနှင့် သွေးထွက်သံယိုမှုများကို ဖော်ညွှန်းနေသည်။ 

ဒဏ်ရာ ရရှိခဲ့သူများကို ခါဆွန် (Kherson) မြို့ရှိ ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု ယူကရိန်းသမ္မတ၏ အကြံပေး ပုဂ္ဂိုလ် အန်ဒရီ ယာမတ်ခ် (Andriy Yarmak) က ပြောသည်။ 

ထိုမြို့သည် ရေကြီးမှုများ ဖြစ်နေသော ဒီနီပါ (Dnieper) မြစ် အနောက်ဘက်တွင် ရှိသည်။ 

ယူကရိန်းတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်နေစဉ်

သိမ်းပိုက်ထားသော ဒေသများမှ ရုရှားအရာရှိများသည် ရုရှားပတ်စပို့စ် ပြနိုင်သူများကိုသာ ရေကြီးရာမှ ဘေးလွှတ် ရာ နေရာသို့ ရွှေ့ပြောင်းပေးသည်ဟု ဒေသခံများက ပြောသည်။ 

ထို့ကြောင့် မြစ်ကြောတစ်လျှောက်ရှိ ယူကရိန်းထိန်းချုပ်ရာ နေရာများမှ လှေငယ်များသည် အိမ်ခေါင်မိုးများ၊ ထပ်ခိုးများနှင့် မြေအမြင့်ပိုင်း နေရာများတွင် ပိတ်မိနေသူများကို ခေါက်တုန့်ခေါက်ပြန် သွားရောက် ကယ်ဆယ် ခဲ့ရသည်။ 

ယူကရိန်းအရှေ့မြောက်ဘက် ရှေ့တန်းစစ်မြေပြင်အနီးရှိ ဘလာဟိုဒတ်နီ (Blahodatne) ရွာမှ ရုရှား တပ်ဖွဲ့များကို ရှင်းလင်းနိုင်ခဲ့သည်ဟု ယူကရိန်းစစ်တပ်က ပြောသည်။ ထိုရွာသည် ရုရှားတို့ တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထား သည့် ဒွန်းတက်ခ်ဒေသတွင် ရှိသည်။ 

ယူကရိန်း၏ တပ်မ ၆၈ မှ ဗွီဒီယိုဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုဗွီဒီယိုထဲတွင် ကျေးရွာအတွင်းရှိ ပျက်စီးနေသော အဆောက်အဦ တစ်ခုတွင် ယူကရိန်းအလံ လွှင့်တင်နေခြင်းကို ဖော်ပြထားသည်။ 

ထိုသို့ ဘလာဟိုဒတ်နီရွာအား သိမ်းပိုက်နိုင်ခြင်းကြောင့် ယူကရိန်းတို့၏ တန်ပြန် ထိုးစစ်ဆင်မှု စတင်နေပြီဆို သော ယူဆချက်များလည်း ပိုမိုခိုင်မာလာသည်။

သို့သော် လက်ရှိအချိန်အထိ ယူကရိန်းအရာရှိများက ထိုစစ်ဆင်ရေးနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ပြန်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိသေးပေ။

ဘလာဟိုဒတ်နီရွာတွင် ရုရှားတပ်ဖွဲ့ဝင် ၆၀ ခန့် တပ်စွဲထားကာ တပ်ဖွဲ့ဝင် ခြောက်ဦးကို ဖမ်းမိခဲ့သည်ဟု ယူကရိန်း ၏ တပ်မ ၆၈ မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ 

ဘလာဟိုဒတ်နီရွာ ရေလွှမ်းမိုးနေစဉ်

၎င်းတို့သည် နောက်ထပ် ကျေးရွာတစ်ခုကို ဆက်လက် သိမ်းပိုက်ကာ တောင်ပိုင်းသို့ ချီတက်ရန် စီစဉ်ထားသည် ဟုလည်း ပြောသည်။ 

ဘလာဟိုဒတ်နီရွာအား သိမ်းပိုက်နိုင်မှုသည် ယူကရိန်း စစ်တပ်အတွက် အသေးစား အောင်မြင်မှုဖြစ်သော်လည်း ရုရှားတပ်ဖွဲ့အားလုံးကို ရှင်းလင်းရန်ကိစ္စကို အချိန်ယူ ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ယူကရိန်းနှင့် အနောက် အုပ်စု အရာရှိများက ပြောသည်။ 

ရုရှားဘက်ကလည်း ယူကရိန်းတို့၏ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သည်ဟု ကြေညာသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဒွန်းတက်ခ် (Donetsk) တောင်ပိုင်းနှင့် ဇာပိုရီဇီယာ (Zaporizhzhia) ဒေသများမှ ယူကရိန်းတို့၏ ထိုး စစ်ဆင်မှုများကို ဟန့်တားနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာနက ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

Source: AP