CNI International News

ကဘူးလ်၊ ဇွန်လ ၂၃

အာဖဂန်နစ္စတန်နိုင်ငံ၏ အရှေ့ပိုင်း ခက်ခဲကြမ်းတမ်းသည့် တောင်တန်းဒေသတွင် ဇွန်လ ၂၂ ရက် အစောပိုင်းက အင်အား ပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ကျောက်ခဲများ၊ ရွှံ့အုတ်များဖြင့် ဆောက်လုပ်ထားသည့် လူနေအိမ် အများအပြား ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်သည် အာဖဂန်၏ လူသားချင်း စာနာမှု အကျပ်အတည်းကို ရုန်းကန် ရင်ဆိုင်နေရသော တာလီဘန် ခေါင်းဆောင်များနှင့် ကယ်ဆယ်ရေး အေဂျင်စီများအတွက် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း စမ်းသပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ထိုငလျင်ကြောင့် အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ် ၂ ခုအတွင်း လူအသေအပျောက် အများဆုံးဖြစ်ခဲ့ရပြီး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း အစိုးရတာဝန်ရှိသူများ ပြောကြားခဲ့သည်။
ခန့်မှန်းခြေ ဒဏ်ရာရသူ ၁၅၀၀ ခန့်ရှိကြောင်း တာလီဘန်တို့၏ သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ပြင်းအား ရစ်ချက်တာစကေး (၆ ဒသမ ၁) ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူသန်းပေါင်းများစွာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲ မွဲတေနေသည့်ကြားမှ အိုးမဲ့အိမ်မဲ့ဖြစ်၍ သေကြေပျက်စီးခဲ့ရသည်။ ပြီးခဲ့သည့် ၁၀ လခန့်နီးပါးက တာလီဘန်တို့ တနိုင်ငံလုံး အာဏာပြန်ယူပြီးနောက် ကျန်းမာရေးစနစ်ပြိုလဲခဲ့သည့် အာဖဂန်နိုင်ငံတွင် ယခုအခါ ဆင်းရဲဒုက္ခများ ပိုမိုဆိုးရွားလာခဲ့သည်။

ငလျင် ဒဏ်ကြောင့် ပျက်စီးနေသော အဆောက်အအုံရှေ့က အာဖဂန်အမျိုးသားတစ်ဦး (AP)

တာလီဘန်တို့ အာဏာပြန်ရပြီးနောက် အာဖဂန်ပိုင် နိုင်ငံတကာဘဏ္ဍာငွေများ ဆိုင်းငံ့ခံခဲ့ရပြီး ကမ္ဘာ့နိုင်ငံအများစုက တာလီဘန်အစိုးရ ရှောင်ဖယ်ခဲ့ကြသည်။

ရှားရှားပါးပါး ဖြစ်စဉ်တစ်ခုအနေဖြင့် တာလီဘန်တို့၏ ထိပ်ဆုံးခေါင်းဆောင် ဟိုင်ဗ္ဗဒူလာအခွန်ဇာဒါ (Haibatullah Akhundzadah) က “ယခုကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားရသော အာဖဂန်ပြည်သူများကို မဆိုင်းမတွ ကူညီကြပါရန်” နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများထံ မေတ္တာရပ်ခံ ပန်ကြားခဲ့သည်။

ပါကစ္စတန်နယ်စပ်အနီး အာဖဂန်ပိုင်နက်အတွင်းရှိ ဝေးလံခေါင်သီသော ဒေသ၌ နေထိုင်သူများ လက်ဗလာဖြင့် မြေပြိုသေဆုံး နေပုံများ (သို့မဟုတ်) အသက်ရှင် ကျန်ရစ်များကို ရှာဖွေနေပုံများကို ဘက်ခါတာ (Bakhtar) သတင်းဌာနမှ ထုတ်လွှင့်သော ဗွီဒီယိုဖိုင်တွင် မြင်တွေ့ရသည်။

ကယ်ဆယ်ရေးပစ္စည်းများ အများအပြား ပေးပို့နိုင်ခြင်း ရှိ/မရှိ (သို့မဟုတ်) ငလျင်ဒဏ်ခံစားရသော နယ်မြေသို့ ပို့နိုင်/မပို့နိုင် ဆိုသည်ကို လတ်တလော မသိရသေးကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: AP