CNI International News

ဝါဂျီးမား၊ ဇန်နဝါရီ ၉

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် လူ ၁၆၈ ဦးထက်မနည်း သေဆုံး ကာ လူအများအပြား ပျောက်ဆုံးခဲ့ပြီး လူပေါင်းထောင်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ဇန်နဝါရီ ၁ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၆ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထောင်နှင့်ချီသည့် စစ်သား များ၊ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့သည် အပျက်အစီးများအောက်တွင် ပိတ်မိနေသည့်သူများကို ကယ်တင်ရန် မျှော်လင့်ချက်နှင့် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်လျက်ရှိသည်။ 

အာဏာပိုင်များကလည်း ငလျင်ဗဟိုချက်ဖြစ်သည့် အီရှီကာဝါ (Ishikawa) စီရင်စုနယ်ရှိ နိုတိုကျွန်းဆွယ် (Noto Peninsula) ပေါ်တွင် နှင်းများထူထပ်စွာ ကျဆင်းနေသဖြင့် မြေပြိုမှုအန္တရာယ်များ ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်ငလျင်ဒဏ်ကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်

ထိုငလျင် လှုပ်ခတ်မှုကြောင့်် သေဆုံးသူ ၁၆၈ ဦးအနက် ၇၀ ခန့်သည် ဝါဂျီးမား (Wajima) မြို့မှဖြစ်ပြီး ကျန် သေဆုံးသူ ၇၀ သည် ဆူဇူး (Suzu) မြို့မှဖြစ်သည်။

ထို့နောက် သေဆုံးသူ ၁၈ ဦးမှာ အနူမီဇူ (Anamizu) မြို့မှ ဖြစ်သည်။ ကျန်သေဆုံးသူများမှာ အခြားမြို့ ၄ မြို့မှ ဖြစ်သည်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသူ ၃၂၃ ဦးထက်မနည်းရှိပြီး  ဒဏ်ရာရသူ ၅၆၅ ဦးရှိခဲ့ကာ လူနေအိမ်ပေါင်း ၁၃၉၀ ထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။ 

ဇန်နဝါရီ ၁ ရက်က ထိုအင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မီတာအနည်းငယ်မြင့်သည့် ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့ကာ နောက်ဆက်တွဲ ငလျင်များသည် နေ့စဉ် လှုပ်ခတ်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ဂျပန်ငလျင်ဒဏ်ကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်

ထိုကဲ့သို့ နောက်ဆက်တွဲ ငလျင်များသည် နောက်ထပ်တစ်လကြာ ဆက်လက်လှုပ်ခတ်နိုင်ကြောင်း ဂျပန် မိုးလေဝသ အရာရှိများက သတိပေးခဲ့သည်။

ထိုနောက်ဆက်တွဲ ငလျင်များ၏ ပြင်းအားသည် လျော့နည်းသော်လည်း ပြီးခဲ့သည့် သီတင်းတစ်ပတ်အတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၁၀၀၀ ကျော် လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ဒေသခံများသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ လူအများအပြားသည် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်နေရပြီး အကူအညီ အထောက်အပံ့များကို လိုအပ်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: အေပီ