CNI International News

တိုကျို၊ ဒီဇင်ဘာ ၁၀

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒီဇင်ဘာ ၈ ရက် ညပိုင်းက ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သဖြင့် လူ ၃၀ ခန့် ဒဏ်ရာရခဲ့ကာ ၇၀ စင်တီမီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းများ ဖြစ်ပွားခဲ့ သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုငလျင်သည် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်က အိုမိုရီ (Aomori) စီရင်စုနယ်၏ အရှေ့ဘက်ကမ်းလွန်၊ မြေပြင်အနက် ၄၃ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ သည်။

ထိုငလျင်ကြောင့် လာမည့် ရက်ပိုင်းများအတွင်း ထိုနေရာနှင့် အနီးတစ်ဝိုက်တွင် အင်အားတူညီသည့် ငလျင် သို့မဟုတ် ပိုမိုအင်အားပြင်းသည့် ငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေ ရှိသည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က ငလျင်အန္တရာယ်နှင့်ပတ်သက်ပြီး မိုးလေဝသအေဂျင်စီ နှင့် ဒေသန္တရအစိုးရများထံမှ သတိပေးချက်များကို နားစွင့်ထားကြရန် ဒေသခံများကို တိုက်တွန်းထားသည်။

ငလျင် နောက်တစ်ကြိမ် လှုပ်ခတ်လာပါက ဘေးလွတ်ရာကို ချက်ချင်း ရွှေ့ပြောင်းနိုင်ရန် အသင့်ပြင်ထားဖို့ လိုအပ်ပြီး တစ်ချိန်တည်းမှာပဲ လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများကို ဆက်လုပ်နိုင်ကြောင်း အစိုးရအဖွဲ့က ညွှန်ကြားထားသည်ဟု တာကာအီချီက ပြောကြားခဲ့သည်။

ဂျပန် ငလျင်ကြောင့် ပျက်စီးနေစဉ်

ငလျင်ကြောင့် ဒဏ်ရာရသူများသည် အိုမိုရီ စီရင်စုနယ်နှင့် ဟော့ကိုင်းဒိုင်း (Hokkaido) စီရင်စုနယ်များမှ ဖြစ်သည်။

ဟော့ကိုင်ဒိုင်း ကမ်းလွန်နှင့် ဂျပန်နိုင်ငံအရှေ့မြောက်ဘက် ဒေသတစ်လျှောက်သည် ပစိဖိတ် မြေအောက် ကျောက်ထုလွှာများ အပေါ်တွင် ရှိနေသဖြင့် အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အစောပိုင်း သတိပေးချက်များတွင် ငလျင်၏ ပြင်းအားကို ရစ်ချ်တာစကေး ၇ ဒသမ ၆ ဟုဖော်ပြခဲ့ပြီး ၃ မီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သော်လည်း လက်တွေ့တွင် အိုင်ဝါတီ (Iwate) ပြည်နယ်၌ ၇၀ စင်တီမီတာ အမြင့်သာရှိသည့် အသေးစား ဆူနာမီလှိုင်းကို မြင်တွေ့ခဲ့ရသည်။

ဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီ ၂၀ မိနစ် အချိန်တွင်မူ ဆူနာမီ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

Source: Nikkei Asia