CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၆

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် စက်တင်ဘာ ၅ ရက်၌ လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံး လူ ၄၆ ဦးသေဆုံး၍ ၁၆ ဦး ပျောက်ဆုံးနေကြောင်း အေပီသတင်းအရ သိရသည်။

ဒေသခံ ၂၁ သန်းသည် Covid-19 ကပ်ရောဂါကြောင့် ကန့်သတ်ချက်များထားရှိသည့် ပြည်နယ်၏မြို့တော် ချန်ဒူး တွင် အများစုနေထိုင်ကြရာ မြေပြိုမှုများနှင့် အဆောက်အအုံများ တုန်ခါမှုဒဏ်တို့ကို ခံစားခဲ့ကြရသည်။

ထိုနေ့ မွန်းတည့်ချိန်နောက်ပိုင်း မကြာမီ၌ပင် လူဒင်းခရိုင်ရှိ တောင်ပေါ်ဒေသတွင်လည်း အလားတူ မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် လူဒင်းခရိုင်ရှိ လန်ကွီမြို့အနီ ကျောက်နံရံမှ လမ်းမပေါ်သို့ ပြိုကျနေသည့် ကျောက်တုံးများကိုတွေ့ရစဉ်(ဓါတ်ပုံ- အေပီ)

တိဗက်ကုန်းပြင်မြင့်၏အစွန်းတွင် တည်ရှိသော စီချွမ်ပြည်နယ်သည် မြေငလျင်ဒဏ်ကို မကြာခဏ ခံစားရလေ့ ရှိသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့သေးရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၅ ရက်တွင် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂါဇီစီရင်စုရှိ သမိုင်းဝင် မိုဇီမြို့တွင် လူ ၂၉ ဦးသေဆုံးခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။

အဆိုပါငလျင်ကြောင့် လူပေါင်း ၅ သောင်းကျော် ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ယာယီရွက်ဖျင် တဲများထိုး၍ နေရာချထားပေးထားကြောင်း ဆင်ဟွာသတင်းဌာနက စက်တင်ဘာ ၆ ရက် (ယနေ့) တွင် ဖော်ပြခဲ့သည်။

မိုဇီမြို့ရှိ ပြိုကျနေသော လူနေအိမ်တစ်လုံးမှ ဒဏ်ရာရ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးသမားများ ဆွဲထုတ် နေပုံအား အစိုးရရုပ်သံလိုင်း CCTV က ထုတ်လွှင့်ခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရာအန်းမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားကလေးငယ်များကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

အဆိုပါဒေသရှိ အဆောက်အအုံအများအပြားကို သစ်သားနှင့်အုတ်တို့ဖြင့် ရောနှောဆောက်လုပ်ထားခြင်းဖြစ်ပြီး လူပေါင်း ၁၅၀ ခန့် ဒဏ်ရာရခဲ့သည်။

အစောပိုင်းကလည်း လူဒင်ခရိုင်တွင် သေဆုံးသူ ၇ ဦးနှင့် တောင်ပိုင်းရှိ ရှင်မီယန်ခရိုင်တွင် သေဆုံးသူ ၁၄ ဦး ရှိ ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

ထိုအထဲကမှ သေဆုံးသူ ၃ ဦးမှာ ရေခဲမြစ်နှင့် သဘာဝဘေးမဲ့သစ်တောများရှိသည့် ဟိုင်လူဂိုရှုခင်းသာနယ်မြေတွင် အသက်မွေးဝမ်းကျောင်းပြုနေသော အလုပ်သမားများဖြစ်ကြကြောင်း သိရသည်။

ငလျင်၏ဗဟိုချက်နေရာမှ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) ကွာဝေးသော ချန်ဒူးဒေသရှိ အဆောက်အအုံများ လှုပ်ခါ သွားခဲ့သည်။

၃၁ ထပ်တိုက်ခန်းတွင် နေထိုင်သူ ကျောက်တန်းလိက ငလျင်လှုပ်ခတ်စဉ် သူမသည် ၅ မိနစ်ကြာ စားပွဲခုံအောက် တွင် ပုန်းဝပ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ နောက်ဆက်တွဲငလျင်အန္တရာယ်ကို သတိပြုမိသော သူမ၏ အိမ်နီး ချင်းများလည်း အထပ်မြင့်တိုက်ပေါ်မှ မြေပြင်ပေါ်သို့ ပြေးဆင်းခဲ့ကြရသည်။

Source: AP