CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
မြန်မာနိုင်ငံတွင် အလွန်အားပြင်းသော ငလျင်ဘေးဒဏ်သင့်ခဲ့သောကြောင့် တရုတ်အစိုးရက လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ယွမ်ငွေ ၁ ဒသမ ၅ သန်း ထောက်ပံ့လွှဲပြောင်းပေးအပ်ခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
ပြီလ ၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးမှသံမှူးကြီး Ms. Cao Jing သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမျိုးညွန့်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့ပေးသည့် ယွမ်ငွေ ၁ ဒသမ ၅ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် သံမှူးကြီးက “တရုတ်နိုင်ငံသည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ ယွမ်သန်း ၁၀၀ ပေးအပ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ (၆) ဦးကို ကယ်ဆယ်နိုင်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့များစွာကို စေလွှတ် ခဲ့ပါကြောင်း၊ တရုတ်ကြက်ခြေနီအသင်း၏ ကူညီမှုသည် မြန်မာနိုင်ငံပြည်သူများအတွက် တရုတ်ပြည်သူများ၏ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ဘေးအန္တရာယ် ကယ်ဆယ်ရေး အထောက်အပံ့များ ဆက်လက် ပံ့ပိုးပေးပြီး အခက်အခဲများ ကျော်လွှားနိုင်အောင် ကူညီသွားရန် ဆန္ဒရှိကြောင်း သူမက ပြောကြားခဲ့သည်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံ၏ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင် ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှာ လူပေါင်း ၂၇၀၀ ကျော် သေဆုံးပြီး ၄၀၀၀ ကျော် ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
အဆိုပါ စာရင်းသည် ဧပြီ ၁ ရက်နေ့ နံနက်ပိုင်းထိ စာရင်းဖြစ်ကြောင်း၊ ဆက်လက်၍ အရေအတွက် တိုးပွားလာ နိုင်ကြောင်း သိရသည်။