CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ခြင်း ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော မြို့များထဲတွင် တံတားမြို့လည်း ပါဝင်သည်။
အဆိုပါ တံတားဦးမြို့သည် မန္တလေးမြို့အနီးမှာ တည်ရှိပြီး မန္တလေးကို လေယာဉ်ဖြင့်သွားပါက လေဆိပ်တည် ရှိသော မြို့ဖြစ်သည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တံတားဦးလေဆိပ်(မန္တလေးလေဆိပ်)နှင့် တံတားဦးမြို့တွင် လူနေအိမ်များ အပါအဝင် တခြားသော အဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။
ထို့နောက် တံတားဦးမြို့သို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်ခြင်းမရှိဘဲ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် စသည့် မြို့များတွင်သာ ပြည်တွင်း/ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေခြင်းဖြစ်သည်။
Phyo Thet Naing ဆိုသာ လူမှုကွန်ရက်ပိုင်ရှင်က “ ယနေ့(ဧပြီ ၁ ရက်) ရောက်ခဲ့သော တံတားဦး။ တံတားဦးရဲ့ မြေအောက်ရေက ရေငန်တဲ့ အနေအထားပါ။ ယခင်ကတည်းက သောက်ဖို့အတွက် အဆင်မပြေပါဘူး။ ဒီနေ့ တံတားဦးကို ၂၀ လီတာ ရေသန့်ဗူးကြီး ၂၁၂ ဗူး ဆိုတော့ကာ ကူညီပြီး လှူဒါန်းပေးကြတဲ့လူတွေ အတော်ပြိုင်းခဲ့ ရတဲ့ အနေအထားပါ။ အလှူရှင်ကတော့ ကူမဲမြို့မှ သိန်းကျော် ရေသန့်စက်ရုံမှ လှူဒါန်းမှုကို ချိတ်ဆက် ဆောင်ရွက်ပေးခဲ့တယ်။ တံတားဦး မြို့ပေါ် အခြေအနေ အတော်ဆိုးပါတယ်”ဟု ရေးသားဖော်ပြထားသည်။
ဆက်လက်ပြီး ၎င်းက “အထူးသဖြင့် ဈေးအနီးအနား ပတ်ဝန်းကျင်မှာ အိမ်ကောင်းသလောက် မရှိအောင် ပျက်ဆီးခဲ့ပြီး သောက်သုံးရေ ရှားပါးနေပါပြီ။ လှူဒါန်းချင်သူများ အနေဖြင့် တံတားဦးမြို့လယ်လမ်းနှင့် မြို့တွင်း လမ်းသွယ်များ၊ ဈေးအနီးနားမှ ဘုန်းကြီးကျောင်း၊ တံတားဦးဘောလုံးကွင်း၊ ထွေအုပ်ရုံး အနီးတဝိုက်တွေကို ဦးစားပေး လှူဒါန်းပေးကြပါ။ တစ်ချို့ အိမ်တွေမှာ လူကြီးတွေဘဲ ရှိသဖြင့် အိမ်ထဲအထိ အရောက် သယ်ပေးခြင်း ဖြင့် ကုသိုလ် ပိုယူနိုင်ပါသည်။ တံတားမြို့ ပျက်ဆီးမှု အခြေအနေကိုတော့ လိုင်းအဆင်ပြေမှ တင်ပေးပါ့မယ်”ဟု ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ရေးသား ထုတ်လွှင့်ခဲ့သည်။