CNI News

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁

ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လိုအပ်သောပစ္စည်းများကို ဈေးရောင်းချသူများအနေဖြင့် ဈေးမတင်ကြရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်နေသည့် မြန်မာနိုင်ငံမှ ပရဟိတအသင်းများက CNI သတင်းဌာနသို့ ပြောသည်။ 

လက်ရှိတွင် သေဆုံးသူ အလောင်းများအား သယ်ယူသည့် အိတ်များမှာ ဈေးနှစ်ဆခန့် မြင့်တက်နေကြောင်း၊ အခြား ကယ်ဆယ်ရေးသုံး ပစ္စည်းများမှာလည်း လိုအပ်ချက်ရှိကြောင်း ပရဟိတအသင်းများထံက သိရသည်။

ရာသီဥတု ပူပြင်းမှုနှင့်အတူ နေအိမ်၊ အဆောက်အအုံ ပြိုကျမှုတွင် ပိတ်မိကာ သေဆုံးသူများ၏ အနံ့အသက် များလည်း ထွက်နေသည့်အတွက် အလောင်းသယ်ယူသည့် အိတ်များကို အထူးနှုန်းထားတစ်ခုဖြင့် ရောင်းချပေး စေလိုကြောင်း မန္တလေးတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေး အသင်းမှဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုဇွဲရန်နိုင်က “စျေးနည်းပြီး အသင့်တင့်ရှိတဲ့ ပစ္စည်းတွေက အခုဒီအချိန် လိုအပ်ချက်တွေ ရှိလာတဲ့အခါမှာ ဈေးတွေ အများကြီး တက်လာတာတွေရှိတယ်။ အများပြည်သူ အလှူငွေကို အခြေခံပြီးတော့ သုံးစွဲရတဲ့ လူမှုရေး အဖွဲ့အစည်းတွေအတွက် အခက်အခဲများစွာ ကြုံတွေ့ရပါတယ်။ ဝယ်လို့မရဘူးဆိုတဲ့ ကဏ္ဍကတော့ မရှိပါဘူး။ အဓိက,ကတော့ ကယ်ဆယ်ရေး volunteer တွေအသုံးပြုတဲ့ ဦးထုပ်တို့၊ ဖိနပ်တို့ စတဲ့ပစ္စည်းတွေကတော့ ပြတ်တာတွေရှိတယ်။ dead body bag တွေကတော့ ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်လာတယ်။ အရင်တုန်းက ၃၅၀၀၊ ၄၀၀၀ ရှိတာက အခုဆိုရင် ၉၅၀၀၊ ၁၀၀၀၀ အထိ ဖြစ်လာတယ် အဲဒီလိုမျိုးတွေတော့ ရှိနေပါတယ်။ ဒါတွေကို အဖွဲ့အစည်းတွေအတွက် အထူးနှုန်းတစ်ခုအနေနဲ့ ရောင်းပေးနိုင်တယ်ဆိုရင်တော့ နွေလည်း ပြင်းလာပြီ ဖြစ်တဲ့အတွက် တိုက်တွေအောက်မှာ ပိတ်မိနေတဲ့ body တွေက အနံ့ထွက်လာတာ မျိုးတွေရှိတယ်။ ဒီ dead body bag တွေနဲ့ ပြည့်ပြည့်စုံစုံ သေသေချာချာ ထုတ်ပိုးမှသာလျှင် အဆင်ပြေမယ့် အနေအထားဆိုတော့” ဟု  ပြောသည်။

ငလျင်‌ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းတို့၌ ပြိုကျပျက်စီး ခဲ့ရသည့် နေအိမ်၊ အဆောက်အအုံများတွင် ပိတ်မိနေသည့် ရုပ်အလောင်းများ၊ အသက်ရှင် ကျန်နေသူများကို ယနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်သည်။

ထိုသို့ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များမှ လာရောက် ကူညီ ပေးကြသည့် အခါမျိုးတွင် ဘာသာစကား အခက်အခဲမှလွဲ၍ အခြားအခက်အခဲ မရှိကြောင်းနှင့် ကူညီကယ်ဆယ် ရေး အတွေ့အကြုံများစွာလည်း ရရှိကြောင်း ပရဟိတအသင်းများထံက သိရသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အလွန်ပြင်းထန်သည့် ငလျင်ပြီးနောက် မတ်လ ၃၁ ရက်နေ့အထိ ငလျင်ငယ်လေးများမှာ ဆက်တိုက် လှုပ်ခတ်နေမှုများ ရှိနေသေးကြောင်း ပရဟိတအသင်းများထံက သိရသည်။

ထို့ကြောင့် လက်ရှိတွင် ပြိုကျပျက်စီးခဲ့သည့်အထဲ မပါသွားသည့် နေအိမ်၊ အဆောက်အအုံများတွင် နေထိုင်သူများ အနေဖြင့် ခိုင်ခံ့မှု ရှိ/မရှိ မသေချာပါက ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင် နေထိုင်ကြရန်လည်း ပရဟိတအသင်း များက အကြံပြုသည်။

ငလျင်‌ဘေး ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်

ထို့ပြင် လက်ရှိ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးဆိုင် သမားများအနေဖြင့် ဈေးမတင်ဘဲ ပုံမှန်နှုန်းထားဖြင့်သာ ရောင်းချပေးစေလိုကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ပရဟိတအသင်းတစ်ခုမှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သဘာဝဘေး ဖြစ်လာပြီဆိုရင် ဈေးအရောင်းအဝယ် လုပ်နေတဲ့လူတွေက ‌ဈေးတင်ပြီး ရောင်းကြတာဟာ အမှန်တိုင်းပြောရရင် ထုံးစံလိုတောင် ဖြစ်နေပါပြီ။ မြန်မာလူမျိုးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းတဲ့ လူမျိုးမှာ။ ၁၀၀ မှာ ၂၀ လောက်ကတော့ ဒီလိုအနေအထားပေါ့။ တကယ့် တကယ်တမ်း သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့ နေရာတွေမှာ ရှိရင်းစွဲထက်ကို မလိုအပ်ဘဲ အများကြီး ပေးရတာမျိုးတွေ ကြတော့လည်း အဆင် မပြေဘူးပေါ့။ အဲဒီအတွက် ကျနော်တို့အနေနဲ့ စီးပွားရေးသမားတွေ၊ အထူးသဖြင့် အများပြည်သူနဲ့ ဆက်စပ်နေတဲ့ ဈေးဆိုင်သမားတွေကို ပြောချင်တာကတော့ ကျေးဇူးပြုပြီးတော့ ဈေးတွေကို မတင်ဘဲနဲ့ ပုံမှန်ဈေးအတိုင်းပဲ အများပြည်သူကို ရောင်းချပေးဖို့ လိုတယ်။ မိမိရဲ့စီးပွားရေးကို ရှေ့တန်းမတင်ဘဲ အများပြည်သူ အဆင်ပြေစေဖို့ အတွက် လူမှုရေးစိတ် စေတနာရှေ့ထားပြီး ရောင်းချပေးကြဖို့လည်း နှိုး‌ဆော်ပါတယ်” ဟု ပြောသည်။

မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိသည့် ငလျင်လှုပ်ခတ်သွားမှုကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့၌ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး လူသေဆုံးမှုမှာလည်း ထောင်နှင့်ချီ ဆက်တိုက်တွေ့ရှိ နေသည်။

အသက်ရှင် ကျန်ရစ်သူများမှာလည်း ဆက်လက်ရှိနေသေးကာ မန္တလေးတွင် မတ်လ ၃၁ ရက်နေ့အထိ လူပေါင်း ၄၀၀ ကျော်ကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ကြောင်း သိရသည်။