CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉


မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀၀၂ ဦး သေဆုံးပြီး ၂၃၇၆ ဦး ဒဏ်ရာရရှိ၍ ၆၈ ဦး ပျောက်ဆုံးနေ ကြောင်း မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းထိ စာရင်းများအရ သိရသည်။


မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး တစ်ခုတည်းအတွင်းမှာပင် လူ ၆၉၄ ဦး သေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နစက-က မတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။


ထို့နောက် ပျောက်ဆုံးနေသူ ၆၈ ဦးရှိပြီး နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင် ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ခုတို့ ပျက်စီးဆုံးရှုံးခဲ့သည်။
အသေးစိတ် စာရင်းအား ဆက်လက် ကောက်ယူနေဆဲဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။


လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နေပြည်တော်ကောင်စီ နယ်မြေများကို အရေးပေါ် အခြေအနေ သတ်မှတ်ထားသည်။


ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို ကူညီရန်အတွက် ရုရှား၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ မလေးရှား၊ အာဆီယံတို့က ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့သလို ကူညီရေးပစ္စည်းများလည်း ထောက်ပံ့ပေးလျက်ရှိသည်။