CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉
ငလျင်ဘေးသင့် မြန်မာနိုင်ငံမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စင်္ကာပူအစိုးရက စေလွှတ်လိုက်သော စင်္ကာပူအရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ၏ ဦးဆောင်မှုအောက်ရှိ Operation Lionheart( OLH) ကူညီကယ်ဆယ်ရေးအဖွဲ့သည် မတ်လ ၂၉ ရက် ညပိုင်းက ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။
အဆိုပါအဖွဲ့တွင် ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ ဆေးဘက်အကူများ၊ ရှာဖွေရေးလုပ်ငန်း အထူးကျွမ်းကျင်သူများ၊ အန္တရာယ်ရှိပစ္စည်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သူများနှင့် အထူးလေ့ကျင့်ပေးထားသည့် ခွေး ၄ ကောင်တို့ ပါဝင်ကြောင်း စင်္ကာပူသံရုံးက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီးမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် သေဆုံးထိခိုက်မှုများနှင့် အဆောက်အအုံများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀၀၂ ဦး သေဆုံးပြီး ၂၃၇၆ ဦး ဒဏ်ရာရရှိ၍ ၆၈ ဦး ပျောက်ဆုံးနေ ကြောင်း မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းထိ စာရင်းများအရ သိရသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး တစ်ခုတည်းအတွင်းမှာပင် လူ ၆၉၄ ဦး သေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နစက-က မတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ပျောက်ဆုံးနေသူ ၆၈ ဦးရှိပြီး နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင် ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ခုတို့ ပျက်စီးဆုံးရှုံးခဲ့သည်။
အသေးစိတ် စာရင်းအား ဆက်လက် ကောက်ယူနေဆဲဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။