CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉

မြန်မာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ခံခဲ့ရပြီးနောက် သေဆုံးထိခိုက်မှုများနှင့် လူနေအိမ်များ၊ အဆောက်အအုံများ ပြိုကျပျက်စီးမှုများ ပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရက ယွမ် ၁၀၀ သန်း ပံ့ပိုးပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ အရေးပေါ်လူသားချင်း စာနာမှုအကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့စေလွှတ်ကာ တဲများ၊ စောင်များ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာ အထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များ စသည့် ဘေးဒဏ်သင့်ဒေသများ အရေးတကြီး လိုအပ်နေသော ပစ္စည်းများ ကိုလည်း ထောက်ပံ့မည်ဟု သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ 

ပထမဆုံးကယ်ဆယ်ရေးအဖွဲ့သည် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဘေးဒဏ်သင့်ဒေသများသို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သည်။

တရုတ်အစိုးရ၏ ပထမအသုတ် အကူအညီပစ္စည်းများကို မတ်လ ၃၁ ရက်နေ့တွင် စတင်ပို့ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ နောက်ထပ်အကူအညီများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်း ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၀၀၂ ဦး သေဆုံးပြီး ၂၃၇၆ ဦး ဒဏ်ရာရရှိ၍ ၆၈ ဦး ပျောက်ဆုံးနေ ကြောင်း မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းထိ စာရင်းများအရ သိရသည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး တစ်ခုတည်းအတွင်းမှာပင် လူ ၆၉၄ ဦး သေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နစက-က မတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ပျောက်ဆုံးနေသူ ၆၈ ဦးရှိပြီး နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင် ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ခုတို့ ပျက်စီးဆုံးရှုံးခဲ့သည်။

အသေးစိတ် စာရင်းအား ဆက်လက် ကောက်ယူနေဆဲဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။