CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီးမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်တစ်ခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က လှုပ်ခတ်ခဲ့ခြင်းကြောင့် လူပေါင်း ၁၄၄ ဦးသေဆုံးပြီး ၇၃၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌက ပြည်သူလူထုထံ အသိပေး ပြောကြားစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ ဒီလှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကတော့ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ နေပြည်တော်တို့မှာ ပျက်စီးမှုများပြားပါတယ်။ ယခုအချိန်အထိ သတင်းပို့ချက်အရတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မြို့မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် သေဆုံး ကြောင်းနဲ့ ဒဏ်ရာ ရတာကတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၄၃၂ ယောက်၊ စစ်ကိုင်းမြို့မှာ ၃၀၀ ယောက်နဲ့ ကျောက်ဆည်မြို့မှာ စိစစ်ဆဲဖြစ်ပြီး အားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာ ရရှိတယ်လို့ ကျနော်တို့ သိရပါတယ်”ဟု ပြောသည်။

ငလျင်လှုပ်လို့ အဆောက်အအုံပြိုကျသွားစဉ်

 

ထို့နောက် သေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုများ ထက်တိုးလာစရာရှိကြောင်း၊ တချို့ နေရာများတွင် တိုက်များပြိုကျ သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများ အားလုံးကို အရေးပေါ် အခြေအနေ ကြေညာထားပြီး ပြည်ပ အကူအညီများ ပေးနိုင်ဖို့လည်း အကုန်လမ်းဖွင့်ပေးထားကြောင်း၊ ASEAN AHA Center က မနက်ဖြန်(မတ်လ ၂၉ ရက်)မှာ အရေး ပေါ် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံကလည်း မနက်ဖြန်မှာ ကူညီကယ် ဆယ်ရေး ပစ္စည်းများ ပို့ရန်ကမ်းလှမ်းလာသည်ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

အလားတူ ထိုင်ဝမ်အစိုးရကလည်း ငလျင်ဘေး ကူညီကယ်ဆယ်ရေး ပေးအပ်ရန်အတွက် စောင့်ဆိုင်းနေကြောင်း နီးစပ်သူများထံမှ သိရသည်။