CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားသည့် ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သူများအား ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတော်မှ ကျပ်ငွေ ၂ ထရီလီယံ ဆက်လက်ထောက်ပံ့ပေးနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်တွင် ကျင်းပသည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum)ဖွင့်ပွဲမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ပြည်သူများကို နေအိမ်တိုက်တာ အိုးအိမ်ပျက်စီးမှုများ ပြန်လည်ထူထောင်နိုင်ရေးကိုလည်း နိုင်ငံတော်က ကနဦး မတည်ငွေ ကျပ်ငွေ ၅၀၀ ဘီလီယံ ထောက်ပံ့ဆောင်ရွက်ပေးထားပြီး ဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နောက်ထပ် ကျပ်ငွေ ၂ ထရီလီယံ ကိုလည်း ဆက်လက်ထောက်ပံ့ပေးနေတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ မန္တလေးမြို့အနီးမှာ ပြင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့သည့်အတွက် လူပေါင် ၃၇၃၉ ဦးသေဆုံးခဲ့သည်။
ထို့နောက် အခြေခံ အဆောက်အအုံ ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၀,၀၀၀ ကျော် အပါအဝင် လမ်း၊ တံတား များ၊ တာဝါတိုင်များ၊ ကျောင်း၊ ဆေးရုံများ၊ သာသနိက အဆောက်အဦများ၊ စက်ရုံ/အလုပ်ရုံများစွာ ထိခိုက်ပျက်စီး ခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၈၃၉ ခုနှစ်မှ ယနေ့ကာလအထိ ရစ်ချ်တာစကေး ၆ နှင့်အထက် ငလျင်ကြီးပေါင်း ၂၀ ကြိမ်ခန့် လှုပ်ခတ်ထားပြီးဖြစ်ကြောင်း သိရသည်။