CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
အဆောက်အဦများ ဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်က ငလျင်ဘေးသင့် အင်းလေးဒေသသို့ သွားရောက်စစ်ဆေး၍ ပြည်သူများဖြင့် တွေ့ဆုံ စဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
အဆောက်အဦများ ဆောက်လုပ်ရာတွင် ယခင် မိမိတို့နိုင်ငံ၌ အမြင့်ဆုံးလှုပ်ခတ်ခဲ့သည့် ရက်ချ်တာစကေး ၈ အထိ ခံနိုင်သော အဆောက်အဦများ ဆောက်လုပ်ရမည်ဖြစ်သော်လည်း ဆောက်လုပ်ခဲ့ခြင်း မရှိမှုများကြောင့် အချို့ အဆောက်အဦများမှာ ပျက်စီးပြီး ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက “နောင်အချိန်တွင် ယခုကဲ့သို့ ပျက်စီးမှုများ မရှိစေရေး အဆောက်အဦများ ဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် နောက်လာနောက်သားများ၏ ကာလ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်မှု မရှိစေရေး မိမိတို့အနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တကျဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးသွားရမည်”ဟု ပြောသည်။
နိုင်ငံတော်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်ဖြင့် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌသည် အဆောက်အဦများ ဆောက်လုပ်ရာတွင် ရက်ချ်စတာစကေး ၈ အထိ အနည်းဆုံးခံနိုင်ရမည်ဟု ညွှန်ကြားမှုသည် ကောင်းမွန်ကြောင်း၊ သို့သော် ကန်ထရိုက်တာများနှင့် စည်ပင်သာယာရေးကော်မတီ/ဌာနများက ထိုညွှန်ကြားချက်ကို လိုက်နာရန် ပို၍ အရေးကြောင်း၊ မြန်မာနိုင်ငံရှိ အဆောက်အဦများသည် စံချိန်စံနှုန်း မီခြင်း မရှိဘဲ ကန်ထရိုက်တာများနှင့် စည်ပင်သာယာရေးကော်မတီ/ဌာနများက လာဘ်ပေးလာဘ်ယူဖြင့် အဆင်ပြေ သလို ဆောက်နေကြကြောင်း ရန်ကုန်မြို့နေ ကိုမင်းမင်းက ပြောသည်။
၎င်းက “နစကဥက္ကဋ္ဌ ညွှန်ကြားတဲ့အတိုင်း အောက်ခြေက ဌာနဆိုင်ရာတွေက ကန်ထရိုက်တာတွေကို ကြပ်မတ် ရင်တော့ ကောင်းတာပေါ့။ အခုက အဆောက်အဦ ဆောက်မယ်ဆိုရင် စည်ပင်နဲ့ ကန်ထရိုက်တာနဲ့က လာဘ်ပေး လာဘ်ယူလုပ်လိုက်ပြီးတော့ အဆင်ပြေသလို ဆောက်နေကြတာ။ အဆောက်အဦ ပြီးလို့ ဝယ်သူတွေကို ကန်ထရိုက်တာက အပ်တဲ့အခါမှာ စံချိန်စံနှုန်း မပြီးလို့ ဝယ်သူတွေက ဌာနဆိုင်ရာကို တိုင်ကြားတဲ့အခါမှာလည်း အရေးယူ တာမရှိဘူး၊ လာစိစစ်တာလည်းမရှိဘူး စိစစ်ခဲ့ရင်လည်း ကန်ထရိုက်တာဆီက သူတို့ ငွေယူထားတဲ့ အတွက် သူတို့ပါ ပြန်ထိမှာဆိုတော့ ကန်ထရိုက်တာက အမှန်ပဲ လုပ်သွားကြတာ။ ရန်ကုန်က အဆောက်အဦတွေ လိုက်စစ်ကြည့်လိုက်ရင် ပေါ်လာပါလိမ့်မယ်။ မန္တလေးနဲ့ စစ်ကိုင်းကို အခြေပြုပြီးတော့ မတ်လ ၂၈ ရက်က လှုပ်ခဲ့ တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်သာ ရန်ကုန်မှာ လှုပ်ကြည့် အကုန်ပြိုကျမှာ။ အကုန်နီးပါး သေသွားနိုင် တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်အထိ စာရင်းအရ သေဆုံးသူ ၃၆၇၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀၂၀ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၁ ဦးရှိသည်။
ထို့နောက် လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေး ကွန်ရက်များ ပြိုကျပျက်စီးခဲ့သည်။
ထို့ကြောင့် ပြည်သူလူထုများသည် ငလျင်ဘေးသင့်ကာ အိုးမဲ့အိမ်မဲ့ဘဝရောက်၍ လမ်းပေါ်များတွင် အိပ်နေကြရ သလို တချို့ကလည်း ငလျင်စိုးရိမ်မှုကြောင့် နေအိမ်များကနေ ထွက်ခွာပြီး လမ်းမနှင့်ကွင်းပြင်များမှာ နေထိုင်နေ ကြရသည်။
ဤအခြေအနေများကြောင့် စံချိန်စံနှုန်းများ ပြည့်မီအောင် မဆောက်ဘဲ ကိုယ်ကျိုးအတွက် ကြည့်၍ အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်နေသည့် ကန်ထရိုက်တာများနှင့် အရည်အသွေး မမှီသည်ကို သိလျှက်နှင့်ခွင့်ပြု ပေးနေသော ဌာနဆိုင်ရာများကို ထိထိရောက်ရောက် အရေးယူပေးရန် ပြည်သူလူထုက တောင်းဆိုလျက်ရှိသည်။