CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျသည့်အထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ နာယက ဗိုလ်ချုပ်ကြီး စဝ်ဆေထင်နှင့် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင် စဝ်လွယ်မောဝ် (ယခု SSPP နဲ့ ပြန်လည် ပူးပေါင်းထား)တို့၏ မိသားစုဝင်များလည်း ပါဝင်သွားကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် Sky Villa ကွန်ဒိုပြိုကျ၍ လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့သည်။
အဆိုပါ ငလျင်ကြောင့် သေဆုံးမှုအတွင်းမှာ SSPP မှ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်နှင့် စဝ်လွယ်မောဝ်တို့၏ သား/သမီး၊ မြေးမြစ်များ အပါအဝင် မိသားစု ဝင် ၁၀ ဦးဝန်းကျင် ကွယ်လွန်ခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။
ထို့နောက် ဧပြီ ၁၁ ရက် နံနက်က ကွယ်လွန်သွားသူများအား ရည်စူး၍ ကျန်ရစ်သူ မိသားစုများက ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ဝမ်ဟိုင်းဌာနချုပ်တွင် ပရိတ်တရားနာ ရေစက်ချခြင်း၊ အမျှပေးဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို SSPP မှ နာယက ဗိုလ်ချုပ်ကြီးစဝ်ဆေထင်နှင့် စဝ်လွယ်မောဝ် အပါအဝင် မိသားစုဝင် များနှင့် ဆွေမျိုးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကွယ်လွန်သွားခဲ့သူများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ပွဲများကြောင့် တိုက်ပွဲလာရှောင်နေကြသူများ ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။