CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များ ဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးမြောက်မြားစွာ လိုအပ်မည်ဖြစ်၍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ရောက်ရှိစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ ယခု ငလျင်သဘာဝဘေး ဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးမြောက် မြားစွာ လိုအပ်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်မှသာ ပို့ကုန်တိုးမြင့်လာမည်ဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများ ရရှိနိုင်မည်”ဟု ပြောသည်။
ဦးဇော်ဇော်က နစကဥက္ကဋ္ဌကို အလှူငွေပေးအပ်နေစဉ်
ငလျင်ဘေးကြောင့် ရထားလမ်း၊ မော်တော်ကားလမ်းများ၊ ဘူတာရုံများ၊ တံတားများ ထိခိုက်ပျက်စီးခဲ့၍ လမ်းပန်း ဆက်သွယ်မှုများ အမြန်ဆုံး ပြန်လည်ကောင်းမွန်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စာသင်ကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ ကြောင်း ၎င်းက ပြောသည်။
ထို့နောက် ငလျင်ဘေးဒဏ်သင့်သည့် ဒေသများမှ ပြည်သူများ မိုးရာသီမရောက်မီ အမိုးအကာအောက်၌ လုံခြုံစွာ နေထိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် ဧပြီ ၉ ရက်နေ့အထိ သေဆုံးသူ ၃၆၄၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၈ ဦးရှိကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ရှမ်းပြည်တောင်ပိုင်းမှာ တွေ့ဆုံပွဲလုပ်စဉ်
ထို့ပြင် လမ်းတံတားများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ ဟိုတယ်များ စသည့် အဆောက်အအုံပေါင်း ထောင်နှင့်ချီ ပြိုကျပျက်စီးခဲ့သည်။
အဆိုပါ ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ဘီလီယံချီ လိုအပ်မည်ဖြစ်သည်။
လက်ရှိမှာတော့ မြန်မာငလျင်ဘေးသင့် ပြည်သူများ ကူညီရေးအတွက် အမေရိကန်က ဒေါ်လာ ၉ သန်း၊ Quad ( အမေရိကန်-အိန္ဒိယ-ဂျပန်-ဩစတြေးလျ)က ဒေါ်လာ သန်း ၂၀၊ ကုလသမဂ္ဂက ဒေါ်လာ ၉၃ သန်း၊ တရုတ်က ယွမ်ငွေ ၁ ဘီလီယံကျော်၊ ဩစတြေးလျက ဒေါ်လာ ၂ သန်း၊ ဥရောပသမဂ္ဂက ဒေါ်လာ ယူရို ၁၃ သန်း စသဖြင့် ထောက်ပံ့ရန် ကတိပြုထားသည်။
အလားတူ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ခရိုနီ သူဋ္ဌေးကြီးများကလည်း ငလျင်ဘေးအတွက် ဧပြီ ၁ ရက်က လှူဒါန်းကြရာမှာ ကျပ်ငွေ ၁၁၆ ဒသမ ၈၄ ဘီလျံရရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။