CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေသည့်အတွက် ယခုပဋိပက္ခကို အရှိန်လျှော့ချရမည့် အချိန်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီ ဘိရှော့က ပြောသည်။
ကုလအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ဧပြီ ၉ ရက်က ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့်တွေ့ဆုံ၍ ငလျင်ဘေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ငလျင်ဘေးသင့် ဒေသများသို့ သွားရောက်၍ လေ့လာ ခဲ့သည်။
ထို့နောက် ပဋိပက္ခကို အရှိန်လျှော့ချရမည့် အချိန်ဖြစ်သည်ဟု ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ မစ္စစ်ဘိရှော့ကိုတွေ့ရစဉ်
မစ္စစ်ဘိရှော့က “ အများစုက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများလည်း ရှိခဲ့ပြီးတော့ အပစ်အခတ်ရပ်စဲကြောင်းကိုလည်း လက်နက်ကိုင် အင်အားစု အများအပြားက ကြေညာထားပါ တယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့တွေ၊ ဆရာဝန်တွေနဲ့ ကယ်ဆယ်ရေးသမား တွေက နိုင်ငံတစ်ဝှမ်းက ပြည်သူတွေကို ထောက်ပံ့မှုတွေ ပေးနိုင်အောင် ဒီအပစ် အခတ်ရပ်စဲရေးကို ထိန်းထား နိုင်ဖို့ ကျမတို့ လိုအပ်နေပါတယ်။ ယခုအချိန်ဟာ ဒီပဋိပက္ခကို အရှိန်လျှော့ချရမယ့်အချိန်ဖြစ်ပါတယ်။ ယခုအချိန် ဟာ သတ်ဖြတ်ခြင်းတွေကို ရပ်တန့်ဖို့၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အချိန်ဖြစ်ပါတယ်။ ဒါမှသာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သဘာဝဘေးဒဏ်ပြီးနောက် အချင်းချင်း ကူညီပံ့ပိုးနိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်နေကြစဉ်
အလားတူ လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ ဓာတ်အားပေး ကွန်ရက်များ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ ပြိုကျပျက်စီး ဆုံးရှုံးခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်က ဧပြီ ၂၂ ရက်ထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သလို KIA နှင့် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့(AA-MNDAA-TNLA)တို့က ဧပြီ ၃၀ ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း နှစ်ပတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။
သို့သော် KIA နှင့် NUG ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကို ဧပြီ ၉ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ သလို မြန်မာ့တပ်မတော်ကလည်း လေကြောင်းပစ်ခတ်၍ တိုက်ခိုက်ခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေသော ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဆင်းရဲမွဲ တေမှုများ တိုးပွားလာနေသည့် မြန်မာပြည်သူများကို ထောက်ပံ့ကူညီနိုင်မည့် နည်းလမ်းများရှာဖွေပေးရန် ကမ္ဘာ တစ်ဝှမ်းက နိုင်ငံသားများအား မေတ္တာရပ်ခံကြောင်း ကုလအထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့က တိုက်တွန်း ခဲ့သည်။
မိမိအနေဖြင့် မြန်မာနိုင်ငံမှာ ပဋိပက္ခကို ဦးဆောင်သည့် ဖြေရှင်းနည်းများနှင့် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မည့် အနာဂတ်လမ်းကို ရှာဖွေရန် အားလုံးနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ကုလအထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့က ပြောသည်။