CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၆

မြန်မာရှိ ငလျင်ဘေးသင့် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အိန္ဒိယ၏ယာယီဆေးရုံကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် ကြည့်ရှုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသည် မန္တလေးနှင့်နေပြည်တော်မှာ ယာယီဆေးရုံများ တည်ဆောက်၍ မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသလို ပိတ်မိနေ သူကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ လူသားချင်း စာနာထောက်ထားမှု အကူအညီများအနေဖြင့် စားနပ်ရိက္ခာများ၊ ရွက်ဖျင်တဲများ၊ ဆေးဝါး များ၊ စောင်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ အပါအဝင် အခြားသော လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေး လျက်ရှိသည်။ 

အိန္ဒိယက ဖွင့်လှစ်ထားသည့် ယာယီဆေးရုံသည် ဧပြီ ၆ ရက်အထိ လူပေါင်း ၈၀၀ ကို ဆေးဝါးကုသပေးထားပြီး ဖြစ်ပြီး မြန်မာနိုင်ငံသားများကလည်း အိန္ဒိယ၏ယာယီဆေးရုံကို အသိအမှတ်ပြုကြသည်။

အိန္ဒိယသံရုံးက “ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယာယီဆေးရုံသို့ ယနေ့(ဧပြီ ၆၆ ရက်) လာရောက်ကြည့်ရှု ခဲ့ပါသည်။ အိန္ဒိယတပ်မတော်လေ၏ C17 လေယာဉ်သည် ဆေးရုံအတွက် လိုအပ်သောပစ္စည်းများအပြင် အကူ အညီ လိုအပ်သော လူမှုအဖွဲ့အစည်းများအတွက် စားနပ်ရိက္ခာ အကူအညီများ ထပ်မံသယ်ဆောင်လာပြီး ကျနော် တို့၏ အောင်မြင်စွာ တာဝန်ထမ်း‌ ဆောင်ခဲ့သော NDRF အဖွဲ့ကို ပြန်လည်သယ်ဆောင်သွားခဲ့ပါသည်”ဟု ထုတ် ပြန်ခဲ့သည်။

မြန်မာငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် အိန္ဒိယသည် ပထမဆုံး ကူညီကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့သော နိုင်ငံဖြစ်သည်။