CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)သည် တရုတ်နိုင်ငံကဲ့သို့ တိုင်းပြည်တစ်ခု စနစ်နှစ်ခုပုံစံ လုပ်ဆောင်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံသည် တိုင်းပြည်တစ်ခု စနစ်နှစ်ခုဆိုသည့် မူဝါဒဖြင့် ဟောင်ကောင်နှင့် မကာအိုကို သီးခြား လွတ်လပ် ခွင့်ပေးကာ အုပ်ချုပ်လျက်ရှိသည်။
တိုင်းပြည်တစ်ခု စနစ်နှစ်ခုပုံစံသည် သေချာပေါက် ဖက်ဒရယ်မဟုတ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
သို့သော် “ဝ” အနေဖြင့် အခမ်းအနားများ ပြုလုပ်ရာတွင် ၎င်းတို့၏ အလံသာမက ပြည်ထောင်စုအလံကိုပါ လွှင့်တင်ခြင်းအားဖြင့် ခွဲမထွက်ဆိုသည့် သဘောကိုပြသကာ တပ်နှင့် ဆက်ဆံရေးကို ထိန်းထားကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီအခြေအနေက သေချာပေါက်ပဲ ဒါဟာ ဖက်ဒရယ်မဟုတ်ဘူးပေါ့။ တကယ်လို့ ဖက်ဒရယ် လုပ်တယ် ဆိုရင် တိုင်းပြည်တစ်ခုတည်း၊ နိုင်ငံတစ်ခုတည်း၊ စနစ်နှစ်ခုဆိုတာ မဖြစ်နိုင်တော့ဘူး။ သူက ဘယ်နည်းနဲ့မဆို စနစ်တစ်ခုတည်း ဖြစ်လာမှာကို။ အဲဒီတော့ ဒီကိစ္စဟာ နှစ်ဖက်စလုံးက စိတ်ရှည်ရှည်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ ဖြေရှင်းဖို့ လိုပါတယ်။ ဘယ်နည်းနဲ့မဆို ငါတို့ အင်အားမသုံးဘူးဆိုတဲ့ စိတ်ဓာတ်ရှိဖို့ လိုပါလိမ့်မယ်။ သူက လောလောဆယ် တစ်ပါတီစနစ်ပဲ သူကလုပ်နေတာ။ နံပါတ်တစ်က။ အားလုံးက လက်ခံနိုင်တဲ့ ပါတီပေါင်းစုံ စနစ်မျိုး မဟုတ်ဘဲ သူက ပါတီ တစ်ပါတီစနစ်ပဲ။ ဒါကို အရင်တွေ့မြင် ရပါလိမ့်မယ်။ နံပါတ်နှစ်ကလည်း သူက သူ့ရဲ့နယ်မြေထဲကို အစိုးရ၊ ဗဟိုအစိုးရသော်လည်းကောင်း၊ ပြည်နယ်အစိုးရသော်လည်းကောင်း၊ အုပ်ချုပ်ရေး ယန္တရားတွေ၊ တရားစီရင်ရေးယန္တရားတွေ၊ ဥပဒေပြုမှုယန္တရားတွေ တစ်ခုမှ လက်မှမခံဘူး။ သူ့ယန္တရားနဲ့သူ လှုပ်ရှားနေတာပဲ။ နောက်ပြီး အခုလောလောဆယ်မှာ သူက တိုင်းပြည်တစ်ခု စနစ်နှစ်ခု ဖြစ်နေတယ်ဆိုတာ ယုံမှားစရာမရှိဘူး။ တစ်ခုပဲရှိတာကတော့ သူက အခမ်းအနားတွေ လုပ်ပြီဆိုရင် သူ့အလံကိုလည်း လွှင့်တယ်၊ ပြည်ထောင်စုအလံကိုလည်းလွှင့်တယ်။ အဲဒီတော့ သူက ငါဟာ ခွဲမထွက်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြပြီးတော့မှ လောလောဆယ် ဗဟိုအစိုးရ (သို့မဟုတ်) တပ်မတော်အစိုးရကလည်း ခံသာအောင် သည်းခံနိုင်အောင် ထိန်း သိမ်းထားတာပေါ့” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA အခမ်းအနား တက်ရောက်ခဲ့တဲ့ UWSA ကိုယ်စားလှယ်ကို တွေ့ရစဉ်
UWSA ဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး ချုပ်ဆိုခဲ့ပြီးနောက် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင်နှစ်ခုခွဲကာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးခံခဲ့ရသည်။
ထို့နောက် လက်ရှိ ကာလအထိ UWSA ထိန်းချုပ် ဒေသများတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် အခြေအနေများမှာ ဗဟိုအစိုးရ ထိန်းချုပ်မှုအောက်မရှိဘဲ UWSA ၏ ထိန်းချုပ်မှု အောက်မှာသာ ရှိနေ ခြင်းဖြစ်သည်။
“ဝ”တပ်ဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်းပိုင်း ဒေသအချို့၌ အခြေစိုက်ထားသည့် အင်အား အတောင့် တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကနေ ၁၉၈၉ ခုနှစ်မှာ ခွဲထွက်ပြီး “ဝ” တပ်ဖွဲ့ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
ဦးပေါက်ယူချမ်း ဦးဆောင်သည့် “ဝ” တပ်ဖွဲ့၏ လိုလားချက်သည် “ဝ”ပြည်နယ် တရားဝင် ရရှိရန်ဖြစ်ပြီး လက်ရှိ ကော်မရှင်ဥက္ကဋ္ဌ လက်ထက်တွင် “ဝ”တပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အောက်တိုဘာ ၁၇ ရက်၌ ပြောဆိုခဲ့သည်။

UWSA ရဲ့ လေယာဉ်ပစ် FN-6 လက်နက်ကို တွေ့ရစဉ်
“ဝ”သည် လက်ရှိတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိထားပြီး ၎င်းနယ်မြေ၌ ဗဟိုအစိုးရ၏ စိုးမိုးမှုများ မရှိသော ကြောင့် ပြည်နယ်အဆင့်ကို မရခဲ့သော်လည်း ပြဿနာမရှိကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီလိုဗျာ အခု “ဝ” လုပ်နေတာက တိုင်းပြည်တစ်ပြည် စနစ်နှစ်ခု ဆိုပြီးတော့ တရုတ်က တင်ထားတဲ့ အတွေးခေါ် တစ်ရပ်ရှိတယ်။ အဲဒီအတိုင်းကို လုပ်နေတာပဲ။ သူ့ပြည်နယ်မှာနော် သူ့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်က ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူက ရထားပြီးသားလေ။ အဲဒီတော့ “ဝ”နယ်၊ “ဝ” ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ”ဒေသလို့ ပြောလို့ရတာပေါ့။ ပြည်နယ်အဆင့်ထိတော့ မရဘူး။ အဲဒီတော့ “ဝ” ဒေသ ပေမယ့် သူ့ဘာသူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်။ သူ့ဘာသူ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေရှိတယ်။ သူက နိုင်ငံခြား ကုန်သွယ်ရေး တစ်ခုပဲ မရတာ။ ဒါတောင် ကျမကြည့်တယ်။ တချို့ နယ်စပ်ကုန်သွယ်ရေးတွေက တိုက်ရိုက် တရုတ်နဲ့ ဆက်ဆံမှု ရှိနေပုံရတယ်။ အဲဒီတော့ “ဝ”ကိုပေးသည် ဖြစ်စေ၊ မပေးသည် ဖြစ်စေ de facto ပေါ့ဗျာ။ စကစ,ကလည်း တကယ့်တကယ် တရားဝင် အစိုးရမှ မဟုတ်တာ။ အဲဒီတော့ “ဝ”ကလည်း သူလုပ်ချင်တာ သူလုပ်မှာပဲ သိပ်ပြဿနာတော့ မရှိဘူးထင်တယ်” ဟု ပြောသည်။
UWSA သည် အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ပြည်ထောင်စုအဆင့် ချုပ်ဆိုထားပြီး NCA တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် တပ်မတော်မှ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ တွေ့ဆုံဆွေးနွေးခဲ့ကာ ငြိမ်းချမ်းရေးဖိုရမ်များတွင်လည်း UWSA ၏ ကိုယ်စားလှယ် အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
 
	    	  	
	    	       
	    
	  	   
			 
		 
			 
			 
                        
