CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
အီဘိုလာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ခရီးသွားလာမှုကန့်သတ်ချက်တွေကြောင့် အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့် မရတဲ့ ပရိသတ်တွေဝယ်ယူထားတဲ့ ကမ္ဘာ့ဖလားလက်မှတ်ဖိုးတွေကို ပြန်ပေးဖို့ DR ကွန်ဂိုဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို တောင်းဆိုခဲ့ပါတယ်။
DR ကွန်ဂိုအသင်းဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရခဲ့ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြေညာထားတဲ့ အီဘိုလာဗိုင်းရပ်စ်ကြောင့် ပရိသတ်တွေဟာ အမေရိကန် နိုင်ငံကို ခရီးသွားလာခွင့်ပိတ်ပင်ခံရနိုင်တာပါ။
WHO က ခရီးသွားလာမှုကန့်သတ်ချက်တွေချမှတ်မှုမရှိသေးပေမယ့် အမေရိကန်ကတော့ DR ကွန်ဂို၊ ယူဂန်ဒါ ဒါမှမဟုတ် တောင်ဆူဒန်မှာ ပြီးခဲ့တဲ့ ၂၁ ရက်အတွင်းရှိနေခဲ့တဲ့ အမေရိကန်မဟုတ်တဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် DR ကွန်ဂိုအသင်းကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ၂၁ ရက်ကြာသီးသန့်နေထိုင်ဖို့ ညွှန်ကြားထားတာပါ။

DR ကွန်ဂိုအသင်း
DR ကွန်ဂိုဘောလုံးအဖွဲ့ချုပ်အကြီးအကဲကတော့ လက်မှတ်တွေဟာ ဈေးအနည်းငယ်ကြီးတာကြောင့် ပြန်အမ်းပေးဖို့ ဖီဖာကို တောင်းဆိုထားကြောင်းနဲ့ ဘောလုံးကို ချစ်တဲ့၊ ကမ္ဘာ့ဖလားကိုချစ်တဲ့ သူတို့ရဲ့ပရိသတ်တွေ ဘာကိုမှမဆုံးရှုံးစေချင်ဘူးလို့ BBC Sport Africa ကို ပြောခဲ့ပါတယ်။
DR ကွန်ဂိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့မသွားရောက်မီ ဘယ်လ်ဂျီယံမှာ စခန်းသွင်းကာ ခြေစမ်းပွဲတွေ ကစားသွားမှာပါ။
DR ကွန်ဂိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု K မှာ ပေါ်တူဂီ၊ ကိုလံဘီယာ၊ ဥဇဘတ်ကစ္စတန် အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
DR ကွန်ဂိုအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်မှာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပေါ်တူဂီအသင်းကို အံ့အားသင့်ဖွယ်ရလဒ်ရရှိအောင် လုပ်ပြမယ်လို့ ပြောထားပါတယ်။
