CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ/ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA)ခေါင်းဆောင် များသည် ၎င်းတို့အား ပြည်နယ်အဆင့် သတ်မှတ်ပေး ရန်တောင်းဆိုခြင်းက မည်သည့် အဆင့်အတန်းမျိုးရှိသည့် ပြည်နယ်အဆင့်ကို တောင်းဆိုနေခြင်း ဖြစ်နိုင်လဲ နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်သူများကြား သုံးသပ်ဆွေးနွေး လျက်ရှိသည်။

UWSP/UWSA ခေါင်းဆောင်များသည် မြန်မာ့တပ်မတော် ခေါင်းဆောင်များ အပါအဝင် ရွေးကောက်ခံ အစိုးရတိုင်းကို တွေ့ဆုံသည့်အခါမှာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအား “ဝ”ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလျက် ရှိနေသည်။

လက်ရှိ UWSA ရရှိထားသည့် အနေအထားမှာ ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်) ပြည်နယ်အဆင့်မျိုး ရှိနေ ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားသည့် ပြည်နယ်ထက်သာလွန်သော ပြည်နယ်မျိုး တောင်းဆို ခြင်းဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ မြင်တဲ့ဟာက ၂၀၀၈ အရ “ဝ”က အထူးဒေသတိုင်းပေါ့ဗျာ၊ သူ့ကို ပေးထားတဲ့ အနေအထား ဟာလေ အထူးဒေသအနေနဲ့ ပေးထားတာ ဖြစ်တယ်။ ဒါပေမဲ့ “ဝ” က တောင်းနေတာ ပြည်နယ်ဆိုပြီး တောင်း တယ်။ ဒါပေမဲ့ “ဝ” ရထားတဲ့ အနေအထားက တကယ့်ကို ကွန်ဖက်ဒရိတ်ပြည်နယ် ဆိုတဲ့အဆင့်ကို ရောက်နေ တယ်ပေါ့ဗျာ၊ ဆိုလိုတာက သူ့မှာ သူ့အချုပ်အခြာအာဏာနဲ့သူ သူ့တပ်နဲ့ သူ့နယ်မြေထဲမှာ သူတို့က လွဲလို့ ဘယ်သူ့ ခွင့်ပြုချက်မရှိရင် ဘယ်သူမှ လက်နက်ကိုင်ဆောင်ခွင့် မရှိဘူးပေါ့၊ ဆိုလိုတာကလေ သူ့နေရာကို သူတို့ ခွင့်ပြုမှ တခြားပြည်နယ်က လူတွေရော ဝန်ထမ်းတွေရော ဝင်လို့ထွက်လို့ရတယ်ဆိုတဲ့ အနေအထား သူ့အချုပ်အခြာ အာဏာကို သူထိန်းထားနိုင်တယ်ဆိုတဲ့ အနေအထားမျိုး ရောက်နေတယ်၊ ဒါအကုန်လုံးလည်း မြင်နေတာပဲ။ အဲဒီ တော့ သူတောင်းတဲ့ ပြည်နယ်ဆိုတာကတော့ သေချာတယ်၊ ကျနော်တို့ မြန်မာနိုင်ငံမှာ ၂၀၀၈ အရ ပေးထားတဲ့ ပြည်နယ်တွေထက်တော့ သာလိမ့်မယ်ပေါ့ဗျာ၊ အဓိပ္ပာယ်ဖွင့်မယ် ဆိုရင်လေ” ဟု ပြောသည်။

UWSA ၏ ဌာနချုပ်ရှိရာ ပန်ခမ်း(ပန်ဆန်း)မြို့ကိုတွေ့ရစဉ်

UWSP/UWSA  တောင်းဆိုသည့် “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသားပြည်နယ်အဖြစ် တည်ထောင်ရန် တောင်းဆိုချက်ကို မူဝါဒအားဖြင့် သဘောတူကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

သို့သော်လည်း နောင်မှာ ပါတီစုံဒီမိုကရေစီအရ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်အခင်းအကျင်း ဖြစ်ပေါ်လာ ပြီးနောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထား သည်။

UWSA သည် ပြည်နယ်အဆင့် ရယူလိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်နယ်အဆင့်အတန်း မျိုးသာ ရရှိမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာများ ကို ဗဟိုအစိုးရက ထိန်းချုပ်ထားသည့်အတွက် လက်ရှိတွင် UWSA သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြုရေးအာဏာများကို ကျင့်သုံးနေခြင်းကြောင့် ၂၀၀၈ ထက်ကျော်လွန်နေသည်။

 UWSA ၏ ဌာနချုပ်ရှိရာ ပန်ခမ်း(ပန်ဆန်း)မြို့ကိုတွေ့ရစဉ်

ထို့ကြောင့် UWSA သည် မည်သည့် အဆင့်အတန်းမျိုးရှိသော ပြည်နယ်ကို တောင်းဆိုနေခြင်းလဲဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍ ပြည်နယ်ပေးခွင့်မရှိသည့် အခြေအနေကို ဘယ်လို ဖြေရှင်းမလဲဆိုသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။

တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် စသော အခွင့်အရေးများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်လာကြောင်း၊ အခြေခံဥပဒေဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်နက်ကိုင်ပဋိပက္ခတွေ အကုန်လုံး ပင်ရင်းဖြစ်တဲ့ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် လိုချင်လို့၊ တန်းတူအခွင့်အရေး လိုချင်လို့ဆိုတဲ့ ဦးတည်ချက်ကြောင့်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခ ပြဿနာဖြစ်တော့ ဒါကြီးက အခြေခံဥပဒေဆိုင်ရာ ပြဿနာပါလားလို့ သတိဝင်ပြီးခါမှ အခြေခံဥပဒေဆိုင်ရာပြဿနာ အဓိက အကြောင်းအရာတွေကို ညှိနှိုင်းတိုင်ပင်မယ်ဆိုတဲ့ အယူအဆဘက်ကိုသွားရင် ၂၀၀၈ ကို အသေကိုင်မှ ဖြစ်မယ် ဆိုတဲ့ အယူအဆက ကျော်လွှားနိုင်တာပေါ့။ အဲဒီလိုမျိုး ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးအရ ထွက်ပေါက်ကို တွေးမိပြီဆိုရင်တော့ဖြင့် ခင်ဗျားတို့ ကျနော်တို့ ပြောတဲ့ လက်ရှိ “ဝ” ပဲ ပြောပြောပေါ့ဗျာ၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင် တို့ကပဲ ပြောပြောပေါ့ဗျာ၊ပြည်ထောင်စုကို ဖွဲ့စည်းမယ့် ပုံသဏ္ဍန်သည် ၂၀၀၈ ပုံသဏ္ဍန်ထက် ကျော်သွားမှာပေါ့။ အခင်းအကျင်းက‌ တော်တော်ကြီးကြီးမားမား နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ပြည်ထောင်စုကြီးရဲ့ နဂိုပုံဏ္ဍာန်အတိုင်း ရပိုင်ခွင့် တွေ ပြောင်းပြီးမှ ပြည်ထောင်စုကြီးကို ဖွဲ့စည်း ကြပြီးမှ လက်နက်ကိုင်ပဋိပက္ခမဲ့ နိုင်ငံသစ်တစ်ခုကို သွားမယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို တင်ပေးနိုင်ရင်တော့ဖြင့် “ဝ” ပြောတဲ့ဟာရော တခြားလက်နက်ကိုင် လက်ရှိ ပဋိပက္ခတွေ ရော ဖြေရှင်းနိုင်လို့ရမယ့် ထွက်ပေါက် တစ်ခုပါ လားလို့ တွေ့မိကြရင်တော့ဖြင့် ကျနော်တို့ အဖြေတစ်ခု ရမယ်ထင် ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) တို့က ဟိုပန်နှင့် ပန်လုံမြို့နှစ်ခုကို တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်ပိုင်း ၎င်းမြို့နှစ်မြို့အား "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) က ဝင်ရောက် ထိန်းချုပ်ခဲ့သည်။