CNI International News

ဝါရှင်တန်၊ မတ်လ ၁၉

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်ကပ်ရောဂါကဲ့သို့ ထိခိုက်နစ်နာမှုများကို ဖြစ်စေသည့် ဖန်တနိုင်း (fentanyl) မူးယစ်ဆေးဝါများ မှောင်ခိုကူးမှုကို ချက်ချင်းတိုက်ဖျက်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) က မတ်၁၅ ရက်တွင် ပြောကြားခဲ့ကြောင်း ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။

သြစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့တော်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ ညီလာခံ၌  မိန့်ခွန်းပြောကြား ခဲ့ချိန်မှာ ဘလင်ကင်က မူးယစ်ဆေးဝါးများ၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသည့် လူလုပ် မူးယစ်ဆေးဝါးများ ပျံ့နှံ့နေမှု၏ အန္တရာယ်ကို အဓိကထား ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်တွင် ဘလင်ကင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ရာတွင် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး အကျပ်အတည်း မြင့်တက်လာမှုကို စိုးရိမ်ရကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်မူးယစ်မှောင်ခိုး တိုက်ဖျက်ရေးအရာရှိကိုတွေ့ရစဉ်

အမေရိကန်တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား သေဆုံးမှုဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ ဖန်တနိုင်း ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးများကြောင့် ဖြစ်သည်ဟု ဘလင်ကင်က သတိပေးခဲ့သည်။

ကမ္ဘာပေါ်တွင် ဖန်တနိုင်းများ ထုတ်လုပ်သည့် အဓိက အရင်းအမြစ်မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ထိုမူးယစ်ဆေးဝါး များကို လမ်းကြောင်း အများအပြားမှ မှောင်ခိုကူးကာ ကမ္ဘာသို့ ဖြန့်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်၏ စက်မှုလုပ်ငန်း နေရာများတွင် ဖန်တနိုင်းနှင့် အခြားလူလုပ် မူးယစ်ဆေးဝါးများ အများအပြား ထုတ်လုပ်နေပြီး မူးယစ်ဆေး မှောင်ခိုကူးသူများသည် လုံခြုံရေးပိုင်း အားနည်းသည့် ထိုနေရာဒေသများကို အခွင့်ကောင်းယူ အမြတ်ထုတ်နေကြသည်ဟု ဆိုသည်။

 မူးယစ်ဆေးများကိုတွေ့ရစဉ်

တရုတ်နိုင်ငံမှ ဖန်တနိုင်းများကို မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ် အပါအဝင် အိမ်နီးချင်း တောင်အာရှနိုင်ငံများကို အရင်ဆုံး မှောင်ခိုကူးပြီး ထိုနိုင်ငံများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး ဈေးကွက်များအတွင်းသို့ ဖြန့်နေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

မက္ကဆီကိုတွင် စီနာလိုအာ (Sinaloa) နှင့် ဂျာလစ္စကို နယူးဂျန်နရေးရှင်း (Jalisco New Generation) တို့ကဲ့သို့ အင်အားကြီးမားသည့် မူးယစ်းဆေးဝါးဂိုဏ်းများသည် ဖန်တနိုင်းများကို နယ်စပ်မှဖြတ်ပြီး အမေရိကန်နိုင်ငံအတွင်း သို့ မှောင်ခိုသွင်းနေကြသည်ဟု စုံစမ်းဖော်ထုတ်ရေးသားသည့် Investigative Journalism Reportika အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖန်တနိုင်းများ မှောင်ခိုကူးမှုကို တိုက်ဖျက်သည့် နိုင်ငံတကာ၏ အားထုတ်ကြိုးပမ်းမှုများ ရှိနေသည့်တိုင် စိန်ခေါ်မှုများ ဆက်ရှိနေဆဲဖြစ်ပြီး ဖန်တနိုင်း မူးယစ်ဆေးဝါးပမာဏ အများအပြား ဖမ်းဆီးရမိသည့် သတင်းများကို မကြာခဏ ကြားသိနေရဆဲဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

Source: ဟောင်ကောင်ပို့စ်