CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉

ပြည်သူ့စစ်မှုထမ်းခေါ်ယူမှုတွင် ဥပဒေနှင့်ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေမှုများအား တားမြစ် အရေးယူပေး ရန် ပြည်သူ့ပါတီက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ထုတ်ပြန် တောင်းဆိုခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အာဏာတည်စေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

ထို့နောက် ပြည်သူလူထုအကြား စိုးရိမ်စိတ်မှုများ၊ အဂတိလိုက်စားမှုများ၊ ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပေါ် လာခဲ့သည်။

ပြည်သူ့ပါတီက “ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း ပုဂ္ဂလိက အလုပ်ရုံ စက်ရုံဝန်ထမ်းများ အနေဖြင့် ယာယီ ကင်းလွတ်ခွင့်တွင် နိုင်ငံတော်ဌာနဆိုင်ရာ ဝန်ထမ်းများသာ အကျုံးဝင်သည်ဟု နားလည်ပြီး ထွက်ပြေးတိမ်း ရှောင်နေမှုများကြောင့် လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရပါသည်”ဟု ထုတ်ပြန်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၇(ခ)တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အသက်အရွယ် ရောက်သူများ၏ စာရင်းကို ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ နှစ်စဉ် ဇန်နဝါရီ ၁၃ ရက်နေ့ အရောက် ပြုစု ပေးပိုပရမည်”ဟူ၍သာ ပြဋ္ဌာန်းထားပါသည်ဟု ပြည်သူ့ပါတီက ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ပါတီထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့ကြောင့် မူရင်းပြဋ္ဌာန်းဥပဒေအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့သည် စာရင်းပြုစုပေးပို့ ရန်သာဖြစ်ပြီး ရွေးချယ်အတည်ပြုခွင့်၊ မဲနှိုက်ခြင်း အပါအဝင် စာရင်းမှ ပယ်ဖျက်ခွင့်မရှိကြောင်း တွေ့ရှိရပါသည် ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းနှင့် ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်ပူပန်မှု လျော့ပါးစေရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံနှင့်အဝှမ်း တပြေးညီကျင့်သုံးမည့် နည်းဥပဒေ ညွှန် ကြားချက်များကို အများပြည်သူ အလွယ်တကူ သိရှိနိုင်ရန် တိကျသေချာစွာ ထုတ်ပြန်ပေးပါရန်နှင့် ဥပဒေနှင့် ကျော်လွန်ဆန့်ကျင် ဆောင်ရွက်နေမှုများအား တားမြစ်အရေးယူပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီ က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဆောင်ရန်အတွက် စာရင်းများ ကောက်ယူနေသလို စာရင်းပါသူများကို မဲနှိုက်ခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ထို့နောက် စစ်မှုထမ်းခြင်းကနေ ရှောင်လွှဲလိုပါက ငွေကြေး တစ်စုံတစ်ရာပေးရကြောင်း သိရသည်။