CNI International News

ဆိုးလ်၊ မတ်လ ၁၉

တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုအပြီး ရက်ပိုင်းအကြာဖြစ်သည့် မတ်လ ၁၈ ရက်တွင် မြောက်ကိုရီးယားသည် အရှေ့ဘက်ပင်လယ်အတွင်းသို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

တစ်လအတွင်း မြောက်ကိုရီးယား၏ ပထမဆုံးအကြိမ် ဒုံးကျည်စမ်းသပ်သည့် လှုပ်ရှားမှုများဖြစ်သော ထိုပစ်လွှတ် မှုများသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ပြုလုပ်သည့် ဒီမိုကရေစီ ညီလာခံအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ရောက်ရှိနေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ ဒုံးကျည်စမ်းသပ်မှုများကို ပိုမိုအရှိန်မြှင့်တင် လုပ်ဆောင်လိမ့်မည်ဟု ပြည်ပကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကို တွေ့ရစဉ်

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားသည် မတ်လ ၁၈ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် ဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ပြီး ၃၇ မိနစ်အကြာ၌ နောက်ထပ် ဒုံးကျည် ၁ စင်း ထပ်မံပစ်လွှတ်ခဲ့သည်ဟု ထုတ်ပြန် ခဲ့သည်။ 

ထိုဒုံးကျည်များသည် ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံအကြား ဂျပန်၏ အထူးစီးပွားရေးဇုန် အပြင်ဘက်ရှိ ရေပြင်များအတွင်း ကျသွားခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရမှုများ မရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါ (Fumio Kishida) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု လုပ်ရပ်များသည် ဂျပန်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ကီရှီဒါက ပြောကြားခဲ့သည်။

 ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါကို တွေ့ရစဉ်

ထို့ပြင် ထိုကဲ့သို့ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှုကို တားမြစ်ထားသည့် ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သော မြောက်ကိုရီးယား၏ လုပ်ရပ်များကို ဂျပန်က ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်း ၎င်းက ပြောသည်။

တောင်ကိုရီးယား စစ်တပ်ကလည်း မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အချို့ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် စစ်ရေးမဟာမိတ်ဖွဲ့မှုအပေါ် အခြေခံပြီး မြောက်ကိုရီးယား၏ ရန်စသည့် လုပ်ရပ်များအားလုံးကို တုန့်ပြန်ရန် အသင့်အနေအထားရှိမှုအား ဆက်လက် ထိန်းသိမ်းထားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: အေပီ