CNI International News

မော်စကို၊ မတ်လ ၁၉

အမေရိကန်ဦးဆောင်သည့် နေတိုးစစ်ရေး မဟာမိတ်အဖွဲ့နှင့် ရုရှားအကြား တိုက်ရိုက် ပဋိပက္ခဖြစ်ပွားမှုသည် ကမ္ဘာကြီးအား တတိယကမ္ဘာစစ်ဖြစ်ပွားမည့် အခြေအနေမှ ခြေတစ်လှမ်းအကွာသို့ ရောက်ရှိစေလိမ့်မည်ဖြစ် ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားနှင့် အနောက်အုပ်စုအကြား ဆက်ဆံရေးများသည် ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ပူတင်သည် နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အန္တရာယ်နှင့်ပတ်သက်ပြီး မကြာခဏ သတိပေးခဲ့သော်လည်း ယူကရိန်းစစ်ပွဲတွင် နျူကလီးယားလက်နက်များ အသုံးပြုရန် လိုအပ်သည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

 သတင်းထောက်များနဲ့ ပူတင်တွေ့ဆုံစဉ်

ပြီးခဲ့သည့်လက ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) သည် အနာဂတ်ကာလတွင် ယူကရိန်း၌ မြေပြင် စစ်သားများ ဖြန့်ကြက်ချထားမည့် အစီအစဉ်ကို စာရင်းထဲမှ ဖယ်ထုတ်မည် မဟုတ်ကောင်း ပြောကြားခဲ့ပြီး အနောက်နိုင်ငံများက မက်ခရွန်၏ အစီအစဉ်ကို သဘောမတူခဲ့သော်လည်း အရှေ့ဥရောပနိုင်ငံများကမူ ထောက်ခံ ကြောင်း ဖော်ပြခဲ့သည်။

မက်ခရွန်၏ မှတ်ချက် စကားများ အပြင် ရုရှားနှင့် နေတိုးအကြား ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခအန္တရာယ်များနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ချိန်တွင် ပူတင်က "မျက်မှောက်ခေတ် ကမ္ဘာကြီးမှာ အရာအားလုံး ဟာ ဖြစ်လာနိုင်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"အဲဒီ အခြေအနေဆိုရင် တတိယကမ္ဘာစစ်ကြီးဖြစ်ဖို့ ခြေတစ်လှမ်းအကွာကို ရောက်ရှိလာလိမ့်မယ်ဆိုတာ လူတိုင်း က ရှင်းရှင်းလင်းလင်း သိထားပါတယ်။ လူတိုင်းက အဲဒီလို ဖြစ်စေချင်ကြလိမ့်မယ်လို့ ကျနော်မထင်ပါဘူး" ဟု ပူတင်သည်။

 ရုရှားဒုံးကျည် ပစ်လွှတ်စဉ်

ဆိုဗီယက်ခေတ်လွင် ရုရှားသမိုင်းတွင် ပြုလုပ်သည့် သမ္မတရွေးကောက်ပွဲ၌ အကြီးမားဆုံး သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် ပူတင်က သတင်းထောက်များကို ပြောကြားခဲ့ ခြင်းဖြစ်သည်။

နေတိုးစစ်မှုထမ်းများသည် ယူကရိန်းတွင် ယခင်ကတည်းက ရှိနေပြီး ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်မြေပြင် တွင် အင်္ဂလိပ်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကားများဖြင့် ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူ နိုင်ခဲ့သည်ဟု ပူတင်က ပြောကြားခဲ့သည်။

"သူတို့ (နေတိုးစစ်မှုထမ်းများ) တွေအတွက် ဘာမှ ကောင်းတာမရှိပါဘူး။ ဘာလို့လဲဆိုတော့ စစ်ပွဲမှာ သူတို့တွေ အများအပြား သေဆုံးနေလို့ ဖြစ်ပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။

Source: ရိုက်တာ