CNI International News
မော်စကို၊ မေလ ၃၀
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးရန်အတွက် ၎င်းဘက်မှ တောင်းဆိုမှုများ ရှိလာနိုင်ကြောင်း ဆွေးနွေးညှိနှိုင်းမှုများနှင့် နီးစပ်သည့် ရုရှားသတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်၏ တောင်းဆိုချက်များတွင် နေတိုးအဖွဲ့၏ အရှေ့ဘက်ဒေသသို့ တိုးချဲ့နေမှုကို ရပ်တန့်ရန်၊ ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် အစရှိသည့် တောင်းဆိုမှုများ ပါဝင်သည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သူသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပ၏ အကြီးမားဆုံး ပဋိပက္ခကို အဆုံးသတ်ချင်နေကြောင်း မကြာခဏ ပြောကြားခဲ့ပြီး မကြာသေးမီ ရက်များအတွင်း ပူတင်ကို စိတ်ပျက်သည့် မှတ်ချက်များ ပြောကြားခဲ့သည်။
မေလ ၂၇ ရက်ကလည်း ထရမ့်က ပူတင်ကို ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို ငြင်းပယ်နေပြီး မီးနှင့်ကစားနေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထရမ့်သည် ပူတင်နှင့် ၂ နာရီကျော်ကြား ဖုန်းပြောဆိုခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ နေတိုးအတွင်းရေးမှူးချုပ်ကို တွေ့ရစဉ်
ထို့နောက် ပူတင်က သူသည် ငြိမ်းချမ်းရေးစာချုပ်အတွက် မူကြမ်းတစ်ခုရေးဆွဲရန် ယူကရိန်းနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုမူကြမ်းကို ရေးဆွဲနေဆဲဖြစ်ပြီး မည်မျှအချိန်ယူပြီး ရေးဆွဲရမည်ကို မခန့်မှန်းနိုင်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။
ယူကရိန်းနှင့် ဥရောပနိုင်ငံများကမူ ရုရှားသည် ယူကရိန်းအရှေ့ပိုင်းကို စစ်သားများ ပိုမိုစေလွှတ်ထားပြီး ငြိမ်းချမ်းရေးစာချုပ် မူကြမ်းရေးဆွဲမှုကို အချိန်ဆွဲနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။
“ပူတင်က ငြိမ်းချမ်းရေးအတွက် အသင့်ရှိနေပါတယ်။ ဒါပေမယ့် သူ့ဘက်ကလည်း တစ်ခုခုကို ပြန်လိုချင်နေ ပါတယ်”ဟု ရုရှားအစိုးရအဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ရုရှားသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းရေး၊ အနောက်နိုင်ငံများတွင် အပိတ်ခံထား ရသည့် ရုရှားနိုင်ငံပိုင် ပိုင်ဆိုင်မှုများကို ပြန်ဖွင့်ပေးရေးနှင့် ယူကရိန်းရှိ ရုရှားဘာသာစကား ပြောသူများကို ကာကွယ်ခွင့်ပြုရေး အစရှိသည့် အချက်များကို တောင်းဆိုရန် ဆန္ဒရှိနေသည်ဟုလည်း ရုရှားသတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့သည်။
Source: ရိုက်တာ