စမ်းသပ်ဒုံးကျည်များကို ပစ်ချလျှင် စစ်ကြေညာခြင်းဟု အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

CNI International News

ပြုံယမ်း၊ မတ်လ ၈

မြောက်ကိုရီးယားတို့ စမ်းသပ်ပစ်လွှတ်သော ဒုံးကျည်များကို ကြားဖြတ်ခြင်းနှင့်ပစ်ခတ်ခြင်းတို့လုပ်မည်ဆိုလျှင် ယင်းကို စစ်ကြေညာမှုအဖြစ် မှတ်ယူမည်ဟု မြောက်ကိုရီးယားဘက်က ပြောကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

ခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံ (Kim Yo Jong) က အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်စောင်တွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားဘက်မှ ပစိဖိတ်သမုဒ္ဒရာသို့ စမ်းသပ်ပစ်လွှတ်ခဲ့လျှင် ယင်းတို့၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များကို အမေရိကန်ဘက်က ပစ်ချရန် စီစဉ်နေသည်ဆိုသည့် တောင်ကိုရီးယားဘက်မှ သတင်းကိုကိုးကား၍ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒုံးကျည်စမ်းသပ်မှုတိုင်းကို အိမ်နီးချင်းများသို့ မရောက်စေရန် သတ်မှတ်လုပ်ဆောင်ခဲ့ခြင်းအပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ဘက်မှ မြောက်ကိုရီးယား၏ စမ်းသပ်ဒုံးကျည်များကို ပစ်ချခဲ့မှု မရှိသည့်အခြေနေအတွင် မြောက်ကိုရီးယား၏ ယခုလိုထုတ်ပြန်မှုက မေးခွန်းသစ်များကို ဖြစ်စေသည်။

ဂျပန်သို့ ဒုံးကျည်ဖြင့် ပစ်မည်ဟုလည်း မြောက်ကိုရီးယားက ပြောခဲ့ဖူးသည်။ လက်နက်စမ်းသပ်မှုများအပေါ် အမေရိကန်စစ်တပ်၏ တုန့်ပြန်မှုတိုင်းကို စစ်ကြေညာခြင်းဟု မှတ်ယူမည်ဖြစ်ကြောင်း ကင်ယိုဂျုံက ပြောသည်။ ပစိဖိတ်သမုဒ္ဒရာသည် အမေရိကန် (သို့မဟုတ်) ဂျပန်၏ထိန်းချုပ်မှုအောက်တွင် မရှိဟုလည်း သူမက ပြောသည်။

ပြီးခဲ့သည့်နှစ် မြောက်ကိုရီးယား၏စံချိန်တင် ဒုံးကျည်စမ်းသပ်မှုများကြောင့် အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ မြင့်တက်လာသည်။ ထိုအခြေအနေတွင် မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်က မြောက်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်များ ပစ်လွှတ်ခဲ့စဉ်(ဓါတ်ပုံ-KCNA/Reuters)

မဟာမိတ်နှစ်နိုင်ငံသည် တနင်္လာနေ့တွင် ဗုံးကြဲလေယာဉ်များ ပါဝင်သော လေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့ပြီး ယခုလကုန်ပိုင်းတွင်လည်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်စီစဉ်ထားသည်။ Warrior Shield FTX နှင့် Freedom Shield ကဲ့သို့ ကာကွယ်ရေးနှင့် တုန့်ပြန်နိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်သည့် လေ့ကျင့်မှုများ ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်၍ မြောက်ကိုရီးယားဘက်က ပြင်းထန်သောဆောင်ရွက်ချက်များ လုပ်ဆောင် သွားရန် အဆင်သင့်ရှိသည်ဟုလည်း ကင်ယိုဂျုံက ပြောသည်။ ကင်ယိုဂျုံသည် ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်တပ်အင်အားတိုးမြှင့်လာမှုနှင့် ပတ်သက်၍ မကြာခဏဆိုသလို သတိပေးလျက်ရှိပြီး ပစိဖိတ်သမုဒ္ဒရာ တွင်းသို့ ပစ်လွှတ်စမ်းသပ်မှုများ မကြာခဏ လုပ်ဆောင်ခြင်းသည် အမေရိကန်တပ်ဖွဲ့များပေါ် မူတည်သည်ဟု လည်း ပြီးခဲ့သည့်လတွင် ပြောသည်။

တနင်္လာနေ့ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ်များ ပျံသန်းခြင်းသည် အဆင်အခြင်မဲ့ သည့် ရန်စမှုဖြစ်ကာ ကျွန်းဆွယ်၏အခြေအနေကို ဆိုးရွားသည်ထက် ဆိုးရွားစေလာနိုင်ကြောင်း အင်္ဂါနေ့တွင် မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက သီးခြားကြေညာချက်တစ်စောင်ထုတ်ပြန် ပြောဆိုခဲ့သည်။

Source:Aljazeera