CNI International News

ဆိုးလ်၊ဖေဖော်ဝါရီ ၃

အမေရိကန်၏စစ်ရေးလှုပ်ရှားမှုများကို အပြင်းထန်ဆုံး နျူကလီးယားအင်အားဖြင့် တန်ပြန်သွားရန် ပြင်ဆင်ထား သည်ဟု မြောက်ကိုရီးယားနိုင်ငံက ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများ မြင့်တက်လာခြင်းသည် တင်းမာမှုများကို နောက်ဆုံး အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိစေကြောင်းလည်း ၎င်းတို့က သတိပေးသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin)၏ ပြောစကားများကို တုန့်ပြန်ရန် မြောက်ကိုရီးယားနိုင်ငံခြားရေးဌာနက ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် တိုက်လေယာဉ်များ၊ စစ်သင်္ဘောများအပါအဝင် ကိုရီးယားကျွန်းဆွယ်တွင် ခေတ်ရှေ့ပြေးစစ်အင်အားချထားမှု များကို တိုးချဲ့သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဆိုးလ်မြို့တွင် အင်္ဂါနေ့က ပြောဆိုခဲ့သည်။ ယင်းသည် တောင်ကိုရီးယားနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ စစ်ဆင်ရေးစီစဉ်မှုများကို တိုးမြှင့်ရန်ဆောင်ရွက်ခြင်း လည်း ဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန် ပြည်မကြီးများရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်ရည်ရွယ်သည့် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးကျည်တစ်မျိုးအပါအဝင် ၂၀၂၂ ခုနှစ်တွင် မြောက်ကိုရီးယားသည် ဒုံးကျည် ပေါင်းများစွာကို ပစ်လွှတ်စမ်းသပ်ခဲ့သည်။ ယင်းက တောင်ကိုရီးယားအတွက် လုံခြုံရေးဆိုင်ရာ ခြောက်လှန့်မှုကို ဖြစ်စေသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် နျူကလီးယားလက်နက်တပ်ဆင်မှုကို ကြည့်ရှုစစ်ဆေး နေစဉ်

နိုင်ငံခြားရေးဌာနရှိ အရာရှိတစ်ဦးထံမှ ထွက်ပေါ်လာသော ကြေညာချက်တွင် အမေရိကန်၊ တောင်ကိုရီးယား မဟာမိတ်များ၏ စစ်ရေးလေ့ကျင့်မှုများ တိုးချဲ့ခြင်းသည် ကိုရီးယားကျွန်းဆွယ်ကို ကြီးမားသည့် လက်နက်တိုက် နှင့် ပြင်းထန်သော စစ်မက်ဧရိယာအဖြစ်သို့ ရောက်ရှိစေကြောင်း မြောက်ကိုရီးယားဘက်က ပြောသည်။

မြောက်ကိုရီးယားသည် ကာလတို၊ ကာလရှည် စစ်ဘက်ဆိုင်ရာစိန်ခေါ်မှုများကို အပြင်းထန်ဆုံး နျူကလီးယား အင်အားဖြင့် တန်ပြန်သွားရန် ပြင်ဆင်ထားသည်ဟုလည်း ယင်းတွင် ဖော်ပြသည်။ အမေရိကန်နှင့် တောင်ကိုရီး ယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်မှုပြုလုပ်ရန် ကြိုတင်လေ့ကျင့်နေမှု ဖြစ်နိုင်သည်ဟု မြောက်ကိုရီးယားဘက်က ခေတ်အဆက်ဆက် သတ်မှတ်ခဲ့သော်ငြားလည်း စစ်ရေးလေ့ကျင့်မှုများသည် ကာကွယ် ရေးအတွက်သာ ရည်ရွယ်သည်ဟု မဟာမိတ်များဘက်က ပြောသည်။

ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားအနောက်ဘက်ရေပြင်တွင် အမေရိကန်၏ B-1B ဗုံးကြဲလေယာဉ်၊ F-22 နှင့် F-35 တိုက်လေယာဉ်များသည် တောင်ကိုရီးယား လေတပ်နှင့်အတူ စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဌာနက ပြောသည်။ မြောက်ကိုရီးယားဘက်မှ နျူကလီးယားလက်နက်များသုံးလျှင် တုန့်ပြန်ရန်အတွက် မဟာမိတ်နှစ်နိုင်ငံသည် ယခုလအတွင်း အသွင်ယူ ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

Source:AP